ဧရာဝတီလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းအား ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေး

ဧရာဝတီလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းအား ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေး

ပုသိမ်၊ သြဂုတ် ၂၂ ။        ။ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်ခြင်းပုဒ်မ ၄၀၉ ဖြင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အား တရားစွဲထားသည့်အမှုကို ပထမဆုံးအကြိမ်အဖြစ် ပုသိမ်မြို့နယ်တရားရုံးတွင် သြဂုတ် ၂၂ ရက်က ရုံးထုတ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်အား တိုင်းလွှတ်တော်တွင် အသုံးပြုမည့်ကား ငါးစီးဝယ်မှုနှင့်ပတ်သက်ပြီး ပုဒ်မ ၄၀၉ ဖြင့် တိုင်းဒေသကြီးလွှတ်တော်  ဒုတိယညွန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားစွဲခြင်း ဖြစ်သည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောတူခွင့်ပြုချက်အရခွင့်ပြုငွေကျပ်၁၅၄၂.၅သိန်းထုတ်ယူပြီးယာဉ်အသစ်တစ်စီးအသုံးပြုပြီးယာဉ်လေးစီးဝယ်ယူခဲ့တယ်၊အသုံးပြုပြီးယာဉ်လေးစီးကို၄င်းဆန္ဒအလျောက်ပြုပြင်ခဲ့တယ်၊ယာဉ်ပြင်ဆင်စရိတ်နဲ့ ကုန်ကျငွေများကို ယာဉ်ဝယ်ယူတန်ဖိုးမှာ မမှန်မကန် ထည့်သွင်းပြီး အရောင်းအဝယ်စာချုပ်ကို နောက်ကျရက်စွဲနဲ့ချုပ်ဆိုခဲ့တယ်၊ယာဉ် ငါးစီး ဝယ်ယူ တန်ဖိုး သိန်း ၁၅၈၀ ကို ငွေကျပ် ၁၅၂၉ သိန်းသာ ပေးချေခဲ့ပြီး၊ငွေ ၅၁ သိန်းလျော့ပြီး ပေးချေခဲ့တယ်၊ငွေကျပ် ၅၁ သိန်းမှာ ကားဝယ်ယူတဲ့အခွန်ကျသင့်ငွေ ၃၁၆၀၀၀၀ ကျပ်မှအပ ကျန်တဲ့၁၉၄ဝဝဝဝကျပ်ကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်တဲ့အတွက်ကြောင့် ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့တရားစွဲ တင်ပို့လာတာဖြစ်ပါတယ်” ဟု ပုသိမ်မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်း က တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ပြောသည်။

စွပ်စွဲခံရသူဘက်မှ အာမခံလျှောက်ထားခဲ့ပြီး အာမခံလျှောက်ထားမှုအား ဒုတိယအကြိမ် ရုံးချိန်ဖြစ်သည့်  ဩဂုတ်၂၈ ရက်နေတွင် ဆုံးဖြတ်ရန် ချိန်းဆိုလိုက်သည်။

“ အထောက်အထားတွေက ဥပဒေနဲ ့အညီ အကုန်လုပ်ခဲ့တယ်ဆိုတော့ ဥပဒေနဲ့အညီပဲ သိမ်းဆည်းပြီး အပ်နှံထားပြီး ဖြစ်ပါတယ်။ ဥပဒေနဲ ့အညီပဲ ဆက်လက်ဖြေရှင်းသွားမှာပါ”ဟု တရားစွဲဆိုခံထားရသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အား ပုသိမ်မြို့မရဲစခန်းတွင် မတ်၂၆ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ခြင်းကို စွဲဆိုခြင်း ဖြစ်ပြီး ထင်ရှားပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required