အမတ်များ အချိန်လေးစားရန် လွှတ်တော်ဥက္ကဌ သတိပေး

အမတ်များ အချိန်လေးစားရန် လွှတ်တော်ဥက္ကဌ သတိပေး
  (ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ်လ ၂၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ လွှတ်တော်အမတ်များ အနေဖြင့် အချိန်ကို လေးစားသော အားဖြင့် ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းရာတွင် ပြည့်စုံသည့် ကျိုးကြောင်းဖော်ပြချက်ဖြင့် တင်ပြကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဦးတီခွန်မြတ်က သတိပေးလိုက်သည်။

လွှတ်တော်အမတ် အများစုက မိမိ မေးမြန်းလိုသည့် အကြောင်းအရာကို ကျိုးကြောင်းဖော်ပြချက်နှင့်တကွ ပြည့်ပြည့်စုံစုံ တင်ပြကြသော်လည်း အချို့သော လွှတ်တော်အမတ်များမှာ မေးခွန်းကို အကျဉ်းချုံးပြီးသာ ရေးသားလာသည့်အတွက် အစိုးရ ဝန်ကြီးဌာနများက ဖြေကြားရန် အခက်အခဲ ရှိသည်ဟု ဦးတီခွန်မြတ်က ပြောသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ လွှတ်တော်အမတ် တစ်ဦးသည် လွှတ်တော်တွင် မေးခွန်း မေးမြန်းလိုလျှင် မိမိမေးမြန်းလိုသည့် မေးခွန်းခေါင်းစဉ်အပြင် အပြည့်အစုံကို လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်၊ ပေးပို့ရသည်။

ယင်းမေးခွန်းကို လွှတ်တော်ဥက္ကဌက ခွင့်ပြုမှသာ မေးခွန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနထံ ဆက်လက် ပေးပို့ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် မေးခွန်းလက်ခံရရှိသည့် နေ့မှစ၍ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကြိုတင်ပြင်ဆင်ပြီးမှသာ လွှတ်တော်သို့ လာရောက် ဖြေကြားရသည်။

သို့ရာတွင် ဦးတီခွန်မြတ်က “(ဝန်ကြီးဌာနဘက်က) မပြည့်မစုံဘဲ ဖြေကြားလိုက်ရင် လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒါ(ဟာ) လိုအပ်ချက် ရှိတယ်ဆိုပြီးမှ ထပ်ဆင့် မေးခွန်းတွေ မေးမြန်းနေတာတွေဟာ အချိန်ကို လေးစားရာ မရောက်ပါဘူး” ဟု ဆိုသည်။

ဩဂုတ်လ ၂၂ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသည့် မေးခွန်း ခုနှစ်ခုအနက် မေးခွန်းငါးခုတွင် သက်ဆိုင်ရာ လွှတ်တော်အမတ်များက ဆက်စပ်မေးခွန်းများ မေးမြန်းကြပြီးနောက် လွှတ်တော်ဥက္ကဌက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

“အဲ့ဒါကြောင့် နောင် ကြယ်ပွင့်ပြမေးခွန်းတင်တဲ့အချိန်မှာ ပြည့်ပြည့်စုံစုံ ကျိုးကြောင်းဖော်ပြချက်နဲ့ တင်ပြဖို့ သတိပေးလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော်အမတ်များက မိမိသိလိုသော အကြောင်းအရာများကို ကျိုးကြောင်းဖော်ပြချက်ဖြင့် မေးခွန်းတင်ထားသော်လည်း ဆက်စပ်မေးခွန်း မေးမြန်းရာတွင် ကနဦး အကြောင်းအရာနှင့် ဆက်စပ်မှုမရှိပါက ဝန်ကြီးဌာနဘက်တွင် ပြန်လည်ဖြေကြားရန် ခက်ခဲသည်ဟု ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အမတ် ဦးဇော်မင်းသိန်းက မှတ်ချက်ပြုသည်။

ယနေ့ လွှတ်တော်အစည်းအဝေးတွင် ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့သူ တစ်ဦးလည်းဖြစ်သည့် ဦးဇော်မင်းသိန်းက “ဆက်စပ်မေးခွန်း မေးတဲ့အခါကျတော့ ဝန်ကြီးဌာနဘက်က ပြင်ဆင်လာရတဲ့ဟာတွေက မပြည့်စုံတော့ဘူး၊ တလွဲတချော်တွေ ဖြစ်ပြီး စာနဲ့ပဲ ပြန်ဖြေတော့မယ်တိို့၊ နောက်မှ ပြန်ဖြေတော့မယ်တို့ ဒီလိုတွေ ပြောလာရတဲ့ အနေအထားတွေ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်မှ လက်ရှိ သမ္မတ ဦးဝင်းမြင့် အစိုးရလက်ထက် အထိ လွှတ်တော်သို့ လာရောက်ဖြေကြားကြသည့် ဝန်ကြီးနှင့် ဒုဝန်ကြီး အများစုမှာမူ ကြိုတင်ရေးသားလာသည့် အဖြေလွှာ စာရွက်များကိုသာ လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းကြခြင်း ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly