ရေကြီး ရေလျှံမှုများကြောင့် တစ်နိုင်ငံလုံးတွင်လယ်ဧက ၅သိန်းခန့်ရေနှစ်မြှုပ်

ရေကြီး ရေလျှံမှုများကြောင့် တစ်နိုင်ငံလုံးတွင်လယ်ဧက ၅သိန်းခန့်ရေနှစ်မြှုပ်
Photo  - AFP

ရန်ကုန်၊ သြဂုတ် ၂၂ ။         ။ ရေကြီး၊ ရေလျှံမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လယ်ဧက ၅သိန်းခန့်ရေနှစ်မြှုပ်ခဲ့ရပြီး ဧက ၅သောင်း ခန့်မှာ သီးနှံများပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး (လယ်/ ဆည်) မှ လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်း ကမဇ္စျိမသို့ပြောသည်။

“သြဂုတ် ၁၆ ရက်နေ့ထိကို တစ်နိုင်ငံလုံးမှာ ရေမြှုပ်တဲ့ဧကပေါင်းက ၅ သိန်းကျော်ရှိတယ်။ ပျက်စီးတဲ့ဧကက ၅သောင်းလောက်ရှိတယ်။ အဲ့ ၅ သောင်းလောက်မှာ ၉ ထောင်လောက်ပြန်စိုက်ပြီးပြီ” ဟု ၎င်းကအတည်ပြု သည်။

ရေဖုံးလွှမ်းခံခဲ့ရသည့် လယ်ဧကပမာဏများဆုံးပြည်နယ်များမှာ ပဲခူးတိုင်းတွင် ၂ သိန်းကျော်၊ မွန်ပြည်နယ်တွင် ၅ သောင်းခန့်၊ မန္တလေးတိုင်းတွင် ၂ သောင်းကျော်၊ မကွေးတိုင်းတွင် ၂ သောင်းကျော်၊ ကရင်ပြည်နယ်တွင် ၂ သောင်းကျော်နှင့် ကချင်ပြည်နယ်တွင် ၃ သောင်း ကျော်တို့ဖြစ်ကြကြောင်း ဦးမျိုးတင့်ထွန်းကပြောသည်။

ထို့အပြင် သီးနှံပျက်စီးခဲ့ရသူများအတွက် မျိုးစေ့များထောက်ပံ့နိုင်ရန်ပြင်ဆင်နေပြီဟုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှသိရသည်။

ထိုသို့ ပျက်စီးခဲ့ရသည့် လယ်ဧက ၉ ထောင်ခန့်တွင် ပြန်လည်စိုက်ပျိုးရာ၌ လယ်သမားများမှ မိမိသဘောဖြင့် ပြန်လည် စိုက်ပျိုးကြခြင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏကိုမူ ငွေကြေးအရပြန်လည်တွက်ချက်ရန် ခက်ခဲကြောင်း ဦးမျိုးတင့်ထွန်းကဆိုသည်။

အဆိုပါ ရေကြီးနစ်မြှုပ်ခဲ့ရသည့်ဒေသများအတွင်း စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တွက်ချက်နေကြောင်း သိရသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတာဝန်ရှိသူများထံသို့မဇ္စျိမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ သြဂုတ်လ ၂၂ ရက် နေ့အထိ စာရင်းပြုစုနေဆဲ အဆင့်သာရှိသေးကြောင်း တာဝန်ရှိသူ တစ်ဦးမှဖြေဆိုခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း မိုးသဲထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူဦးရေ တစ်သိန်းခန့် ရွှေ့ပြောင်းခဲ့ရပြီး လက်ရှိအချိန်တွင် ၎င်းတို့အားလုံးနီးပါးမှာ နေရပ်သို့ပြန်လည် နေထိုင် ကြပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

အထက်ပါဖြစ်ရပ်များအပါအဝင် မွန်ပြည်နယ်၊ သဲဖြူကုန်းကျေးရွာရှိ မြေပြိုကျမှုနှင့် ရေကြီးမှုများကြောင့် တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူ ၈၈ ဦးအထိ သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required