မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မိုးပိုမည်

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မိုးပိုမည်
မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ထရပ်ကားပေါ်မှာ လူအများစီးနင်းလိုက်ပါလာကြသည်ကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သြဂုတ် ၁၂ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-Ye Aung THU / AFP

ရန်ကုန်၊ သြဂုတ် ၂၂ ။         ။ ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသော မွန်ပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် လာမည့် နှစ်ရက်အတွင်း မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သြဂုတ်၂၂ ရက်တွင် ထုတ်ပြန်သည်။

သြဂုတ် ၂၂ ရက်တွင်လည်း အခြားဒေသများနှင့် မွန်ပြည်နယ်တွင် မိုးပိုကာ နေရာကွက် မိုးကြီးခဲ့ပြီး သြဂုတ်၂၃ ရက်တွင်လည်း မွန်အပါအဝင် အခြားဒေသများ နေရာကွက်မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

မွန်ပြည်နယ် မိုးရေချိန်မှာ ယခုနှစ် မှတ်သားဖွယ်မိုးရေချိန်အနေဖြင့် ကျိုက်မရောမြို့တွင် (၃.၇၀)လက်မ၊ မဒေါက်မြို့နှင့် ချောင်းဆုံမြို့တို့တွင် (၂.၀၅) လက်မစီ၊ မော်လမြိုင်မြို့တွင် (၁.၉၇)လက်မတို့ အသီးသီး ရှိခဲ့သည်။  

အခြားဒေသများ၏ မိုးရေချိန်အသီးသီးမှာ ဆင်ဖြူကျွန်းမြို့တွင် (၃.၃၁)လက်မ၊ တောင်ကုတ်မြို့နှင့် ဥက္ကံမြို့ တို့တွင် (၃.၁၅)လက်မစီ၊ လှည်းကူးမြို့တွင် (၂.၉၅)လက်မ၊ မချမ်းဘောမြို့တွင် (၂.၈၃) လက်မ၊ စစ်တွေမြို့နှင့် ထားဝယ်မြို့တို့တွင် (၂.၈၀)လက်မစီ၊ ရွှေကျင်မြို့၊ ညောင်လေးပင်မြို့နှင့် ဖျာပုံမြို့တို့တွင် (၂.၂၈)လက်မစီ၊ မောင် တောမြို့တွင် (၂.၁၆)လက်မ၊ ပိုင်ကျုံမြို့တွင် (၂.၀၁) လက်မတို့အထိ ရှိခဲ့သည်။

ပင်လယ်ပြင်အနေဖြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေ ခန့် ရှိနိုင်သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် အတ္တရံမြစ်ရေ မြင့်တက်မှုကြောင့် သြဂုတ် ၁၃ ရက်အထိ ရပ်ကွက်/ကျေးရွာ ၂၉ ခု နစ်မြှုပ်ခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့် ရေဘေးသင့်ခဲ့ကာ တစ်ပြည်နယ်လုံးအနေဖြင့် လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။

သြဂုတ်၂၃ရက်အထိခန့်မှန်းချက်အရစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြာ းမိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့် ဖြစ်သည်။
    
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly