နေရာပြန်လည်နေရာချထားပေးရေး ကြန့်ကြာနေပါက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒထုတ်ဖော်မည်

နေရာပြန်လည်နေရာချထားပေးရေး ကြန့်ကြာနေပါက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒထုတ်ဖော်မည်
ဓာတ်ပုံ - ကရိုင်းနူးရာ

သြဂုတ်လ (၂၂)ရက် ။        ။ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း နေရာပြန်လည်နေရာချထားပေးရေး ကြန့်ကြာနေပါက ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။

အဆိုပါ ယာဉ်ရောင်းဝယ်ရေးစခန်းကို မြို့တော်စည်ပင်တာဝန်ရှိသူများ၏ ကတိကဝတ်အတိုင်း မူလနေရာတွင် ပြန်လည်နေရာချထားရေးအတွက် ကြန့်ကြာနေမှုအပေါ် သြဂုတ်လ (၂၂)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းပွဲတွင် ဆိုင်ခန်းပိုင်ရှင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို လက်ရှိတွင် Yangon Car Centre (or) Times City အဖြစ် စီမံကိန်း အကောင်အထည်ဖော် ဆောက်လုပ်ထားပြီး စီမံကိန်းပြီးစီးရန် နီးကပ်နေပြီဖြစ်သော်လည်း မူလဆိုင်ခန်း ပိုင်ရှင် များအတွက် နေရာချထားရေး အစီအစဉ်ချမှတ်ထားခြင်း မရှိသဖြင့် ၂၀၁ရခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်တိုင်း ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ဖြေရှင်း ပေးခြင်း မရှိသေးကြောင်း သိရသည်။  

" လက်ရှိဆိုင်ခန်းတွေကို ဖျက်သိမ်းတာ မဟုတ်ဘူး။ အဆင့်မြင့်တာဖြစ်တယ်။ စီမံကိန်းပြီးရင် မူလနေရာမှာ နေရာပြန်ချထားပေးမယ်ဆိုပြီး တရားဝင်ကတိပြုလို့ ယာယီရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် စီမံကိန်းပြီးစီး တော့မှာ ဖြစ်ပေမယ့် ခုချိန်ထိ နေရာချထားပေးဖို့ လုပ်နေတာ မရှိသေးပါဘူး။ အစိုးရဌာနအသီးသီးကိုလည်း တိုင်ကြားစာတွေ ပို့ဆောင်ခဲ့တယ်။ တွေ့ဆုံတာတွေ လုပ်ခဲ့ပေမယ့် ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက် ပေးခြင်း မရှိသေးပါဘူး" ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းဟောင်း မူလပိုင်ရှင်များ၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသန့်ဇင်မှ ပြောသည်။

Times City ၏  Jewellery Mall နှင့် Times Mall ရှိ ရုံးခန်း၊ ဆိုင်ခန်းများ ငှားရမ်းမိတ်ဆက်ပွဲကို ပြီးခဲ့သည့် ဇန်န်ဝါရီလ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော်လည်း ယာဉ်ရောင်းဝယ်ရေး ဆိုင်ခန်းနေရာများကိုမူ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"ဘာမှ ဆက်မဖြစ်လာဘူးဆိုရင် ဆန္ဒတွေဖော်ထုတ်မယ်။ ဝန်ကြီးချုပ်၊ မြို့တော်ခန်းမရှေ့နဲ့ Times City ရှေ့အထိ ဆန္ဒဖော်ထုတ်မယ်။ သတင်းစာရှင်းပွဲတွေ အကြိမ်ကြိမ် လုပ်ပါမယ်။ အဂတိကိုလည်း တိုင်ကြားမယ်။

စာချွန်တော်အမှုနဲ့လည်း သွားပါမယ်။ ကျွန်မတို့ ခြိမ်းခြောက်ခံထားရတာတွေလည်း ရှိပါတယ် " ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းဟောင်းမှ မူလပိုင်ရှင်များ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်မေဆွိမှ ပြောသည်။

ယခင်ကြံတောသုဿာန်ကို ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် ၁၉၉၆/၉၇ ခုနှစ်က ပြောင်းလဲခဲ့ပြီး ၂၀၁၃ခုနှစ်တွင် မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံကိန်းအတွက် ဆိုင်ခန်းပိုင်ရှင်များကို မူလ မင်းရဲကျော်စွာလမ်း စခန်း၊ လှိုင်ဘာတာယာဉ်ရောင်းဝယ်ရေးစခန်းနှင့် ဟံသာဝတီအခွန်လွတ်စျေးတို့တွင် ဆိုင်ခန်းပေါင်း ၁၆၉ခန်းကို ဖြန့်ခွဲ ယာယီနေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required