အမေရိကန်ရဲ့ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေပါက နျူကလီးယားဆွေးနွေးပွဲတွေ လုပ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယား ပြော

အမေရိကန်ရဲ့ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေပါက နျူကလီးယားဆွေးနွေးပွဲတွေ လုပ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယား ပြော

သြဂုတ် ၂၂ ။             ။ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေခြင်းကို ၀ါရှင်တန်ဘက်က မရပ်တန့်ဘူးဆိုပါက နျူကလီးယား ဆွေးနွေးပွဲတွေ လုပ်ဖို့ မိမိတို့ စိတ်မဝင်စားဘူးဆိုပြီး မြောက်ကိုရီးယားက သြဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ပြုံယမ်းနဲ့အကြား နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်လည်အသက်သွင်းနိုင်ရေး မျှော်လင့်ချက်နဲ့အတူ အဆင့်မြင့် အမေရိကန်သံတမန်တစ်ဦး ဆိုးလ်ကို ရောက်ရှိလာခဲ့ချိန် မြောက်ကိုရီးယားတို့ဘက်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဟနွိုင်းမှာ ဒုတိယမြောက် တွေ့ဆုံတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက်တစ်စုံတစ်ရာ မရဘဲ ပျက်ပြားပြီးစီးသွားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေဟာ ရပ်တန့်နေလျက် ရှိပါတယ်။

နှစ်ဘက် ခေါင်းဆောင်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ် စစ်မဲ့ဇုန်မှာ ထပ်မံတွေ့ဆုံခဲ့ကြပြီး အလုပ်သဘောအဆင့် ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့် ယင်းဆွေးနွေးပွဲတွေကိုလည်း လက်ရှိအချိန်အထိ စတင်ရသေးခြင်း မရှိပါဘူး။

တစ်ချိန်တည်းမှာလည်းပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား နှစ်စဉ်လုပ်ဆောင်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မှုကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားတို့အနေနဲ့ တာတို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်ဆောင်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly