စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖန်တီးကြမယ်

စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖန်တီးကြမယ်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတိုင်းလိုလိုမှာ စိတ်ဖိစီးမှုက အနည်းနဲ့အများဆိုသလိုရှိကြပါတယ်။ အလုပ်ခွင်ဝင်နေရသူတွေဆို ပုံမှန်ထက် စိတ်ဖိစီးမှုပိုများမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လူများများနဲ့ဆက်ဆံရလေ စိတ်ဖိစီးနိုင်ခြေက ပိုများလာလေပါ။ ဒီတော့ အလုပ်ခွင်မှာ လူအမျိုးမျိုးနဲ့ စိတ်အထွေထွေကို အဆင်ပြေအောင်ဆက်ဆံရပြီဆိုရင် စိတ်ဖိစီးမှုဆိုတာက မသိလိုက်ဘဲတောင် သူ့အလိုလိုရှိနေနိုင်ပါတယ်။
စိတ်ဖိစီးမှုက ကောင်းလား…….

ဒီအဖြေကတော့ ရှင်းပါတယ်။ စိတ်ဖိစီးမှုက ကောင်းကျိုးဖြစ်ဖို့ထက် ဆိုးကျိုးဖြစ်ဖို့ ပိုများမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ အချို့သောနာတာရှည်ရောဂါအများစုကို ခံစားရတဲ့အကြောင်းအရင်းခံထဲမှာ စိတ်ဖိစီးမှုကလည်း တစ်စိတ်တစ်ဒေသကနေပါဝင်နေပါတယ်။ ဒီတော့ အတိုချုပ်ပြောရရင် စိတ်ဖိစီးမှုက မကောင်းဘူးဆိုတာပဲပေါ့။
စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖြစ်အောင် ဖန်တီးကြမယ်

စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးအဖြစ်ဖန်တီးဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါ

အလုပ်ခွင်ကို အလုပ်ခွင်လို့ သတ်မှတ်ထားတာထက် ကိုယ့်ရဲ့ဒုတိယအိမ် လို့သတ်မှတ်ထားဖို့လိုသလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေ မောင်နှမတွေလို့ သတ်မှတ်ထားဖို့လိုပါမယ်။ အရမ်းမရင်းနှီးနေရင်တောင် သူစိမ်းမဆန်နေဖို့တော့ ဂရုပြုဖို့လိုပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာက အလုပ်ခွင်မှာ စိတ်ဖိစီးမှုကင်းစေမယ့် နည်းလမး်ကောင်းတစ်ရပ်ပါ။

လေ့ကျင့်ခန်းလုပ်ပါ

စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့နည်းလမး်တစ်ခုပေါ့။ တစ်နေ့တာမှာ အလုပ်တာဝန်တွေအရမ်းမျာေးနရင်တောင် ၁၅ မိနစ်လောက်တော့ အချိန်ပေးပြီး လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာမျိုးလေးလုပ်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အလုပ်ခွင်စိတ်ဖိစီးမှုကို ကင်းစေမယ့် အကောင်းဆုံးသောနည်းလမး်တွေထဲကတစ်ခုပါ။

ကျန်းမာပြီး အာဟာရပြည့်ဝအောင်စားသုံးပေးပါ

ခန္ဓာကိုယ်ကျန်းမာမှလည်း စိတ်ကျန်းမာမှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို ကျန်းမာပြီး အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အလွယ်စား၊ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ အမျှင်ဓာတ်ကြွယ်ဝပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။ ရေများများသောက်ပေးပါ။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်စက်ချိန်မလုံလောက်တာကလည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ညတိုင်း အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်စေချင်ပါတယ်။ ဒါကြောင့် ညနက်အထိဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ ညနက်ခံပြီး အလုပ်လုပ်တာမျိုးကိုရှောင်ပါ။

အရေးကြီးတာတွေကိုအရင်လုပ်ပါ

အလုပ်လုပ်တဲ့အခါ အရေးကြီးတဲ့အရာတွေကနေစလုပ်ပါ။ ဒါမှ အလုပ်ပြီးမြောက်မှုပိုကောင်းသလို အလုပ်မပြီးမှာကိုစိုးပြီးပူပန်ရတဲ့ စိတ်ဖိစီးမှုလည်း ကင်းမှာပါ။ တစ်နေ့တာတိုင်းမှာ အရေးကြီးတဲ့အလုပ်ကနေစပြီး စလုပ်ပါ။ ဒီလိုလုပ်ဆောင်မှုက အလုပ်ပြီးစီးမှုကောင်းစေသလို အလုပ်ခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကိုလည်း သက်သာစေမှာပါ။

အလုပ်တွေကို စီစဉ်တတ်ပါစေ

အလုပ်ခွင်ဖိအားကင်းစေဖို့ဆိုရင် တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးစီစဉ်တတ်ဖို့ကလည်း လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ပါ။ တစ်နေ့တာမှလုပ်ရမယ့် အလုပ်တွေကို အစီအစဉ်အလိုက်ချရေးပါ။ ပြီးရင်တစ်ခုချင်းစီလုပ်သွားပေးပါ။ အရေးကြီးတာကနေစလို့ပေါ့။ ဒီလိုလုပ်ဆောင်မှုက အလုပ်ပြီးစီးစေနိုင်သလို အလုပ်တာဝန်များလို့ မပြီးမှာကိုစိုးရိမ်တာမျိုးကနေလည်း ကင်းစေမှာ အသေအချာပါ။

အမြဲမပြတ်လေ့လာသင်ယူပါ

နေ့ရက်တိုင်းမှာ အမြဲမပြတ်သင်ယူနေတဲ့သူတွေက စိတ်ဖိစီးမှုကင်းတတ်ကြပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်နဲ့ပတ်သက်တဲ့ ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ဝင်စားရာ ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် အမြဲမပြတ်သင်ယူနေပါ။ လေ့လာသင်ယူမှုတိုင်းကအကျိုးဖြစ်ထွန်းစမြဲဆိုတာကို မမေ့ပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly