မြသလွန်စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် ပြင်ဆင်နေ

မြသလွန်စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် ပြင်ဆင်နေ

မကွေး၊ သြဂုတ် ၂၁ ။           ။ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီးကို ကျပ်သိန်းပေါင်း (၄)ထောင်ကျော် အကုန်အကျခံကာ လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူရန် လုပ်ဆောင်နေပြီး ဘုရားစောင်းတန်းများကိုလည်း ပြင်ဆင်မှုများ လုပ်ဆောင် နေကြောင်း မြသလွန်ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

“လက်ရှိမှာ ရွှေသင်္ကန်းကပ်လှူဖို့ စေတီတော်ကို ငြမ်းဆင်တာတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြသလွန် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူတာဟာ အခုနှစ်နဲ့ဆိုရင် ဆဌမအကြိမ်မြောက် ကပ်လှူတာဖြစ်ပါတယ်။ ရွှေသင်္ကန်းကပ်လှူတာကို မိုးအကုန်မှာကပ်လှူသွားမှာပါ။ စေတီတော်မြတ်ကြီး ငြမ်းစင်တာကို တစ်လခွဲနီးပါးလောက် အချိန်ယူဆောင်ရွက်ရတဲ့ပြီး မိုးကျ နေတဲ့အတွက် အခက်အခဲ တွေရှိပါတယ်” ဟု မြသလွန်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးမြင့်ဦးက ပြောသည်။

မြသလွန်စေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူရာတွင် အများပြည်သူလှူဒါန်းထားသည့် အလှူငွေများဖြင့် ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းဖြစ်ပြီး ရွှေဆိုင်းပေါင်း (၆၇၀၀)ဝန်းကျင်ဖြင့် ကပ်လှူသွားမည်ဟု သိရသည်။

“ဘုရားစောင်းတန်းပြုပြင်မှု၊မြန်မာမှုလက်ရာ ထည့်သွင်းမှု အပိုင်းများကိုလည်း လုပ်ဆောင်နေတာပါ။ ဘုရား စောင်းတန်း အမိုးပြုပြင်မှုတွေ၊စောင်းတန်းမှာရှိတဲ့ တိုင်တွေကို မြန်မာမှုလက်ရာထည့်သွင်းတာတွေ၊ ဘုရား စောင်းတန်းမှာရှိတဲ့ ဆိုင်ခန်းတွေပြုပြင်မွမ်းမံတာကိုလည်း ပွဲတော်အမီ လုပ်ဆောင်နေတာဖြစ်ပါတယ်။”ဟု ဦးမြင့်ဦးက ဆက်ပြောသည်။

ထိုသို့ ရွှေသင်္ကန်းကပ်လှူရာတွင် တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ထားကြောင်း ရွှေသင်္ကန်းကပ်လှူခြင်းသည် ငါးလဝန်းကျင်ခန့် အချိန်ကြာမြင့်သောကြောင့် အခြားပြုပြင်မှုအပိုင်းများကို ဘုရားပွဲတော်အမီ ပြုပြင်သွားမည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly