ဘုန်းကြီးကျောင်း နယ်နိမိတ်အတွင်း ဝင်ရောက်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားရန် စာရင်းကောက်နေ

ဘုန်းကြီးကျောင်း နယ်နိမိတ်အတွင်း ဝင်ရောက်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားရန် စာရင်းကောက်နေ
 (ဓာတ်ပုံ-အရှင်တေဇနိယ)

မန္တလေး၊ သြဂုတ် ၂၁ ။         ။ မန္တလေးခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းနယ်နိမိတ်များ၌ ဝင်ရောက်နေထိုင်နေသည့် လူနေအိမ်များနှင့် လုပ်ငန်းများကို ရှင်းလင်းဖယ်ရှားရန်အတွက် စာရင်းများကောက်ယူလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်လှိုင်ကပြောသည်။

အဆိုပါ စာရင်းကောက်ယူခြင်းကို ဇွန်လ တတိယပတ်မှစတင်ကာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး သံဃာ့နာယက ဆရာတော်ကြီးများနှင့် တိုင်းသာသနာရေးဦးစီးမှူး တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိ သြဂုတ်လ ၂၁ ရက်နေ့အထိ စာရင်းများအရ လူနေအိမ်နှင့်လုပ်ငန်းလုပ်ကိုင်နေသူ ၁၀၀ နီးပါးကို စာရင်းကောက်ယူရရှိထားပြီး ဆက်လက်ကောက်ယူမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

"အခုဟာကတော့ စာရင်းကောက်ယူတုန်းပဲရှိပါသေးတယ်။စာရင်းကောက်ယူပြီး ညှိနှိုင်းမှုတွေလုပ်ရပါမယ်။ ရှင်းလင်းဖယ်ရှားရမယ့် ရက်ကတော့ ပြောလို့မရသေးပါဘူး။"ဟုတိုင်းသာသနာရေး ဦးစီးမှူး ဦးကျော်လှိုင်က ပြောသည်။

စာရင်းများကောက်ယူမှုပြီးစီးပါက သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်များက ကျောင်းတိုက် အလိုက် ဖယ်ရှားရှင်းလင်းရမည့် ရက်များကို အကြောင်းကြားမှုများ လုပ်ဆောင်သွားမှာဖြစ်သည်။

မန္တလေးခရိုင်အတွင်းရှိဘုန်းကြီးကျောင်းအချို့တွင် လူနေအိမ်များ၊ တရားမဝင်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေခြင်းများရှိနေကြောင်း ထိုသို့လုပ်ကိုင်နေမှုများကို ရှင်းလင်းပေးရန် တိုင်ကြားမှုများလည်း ရှိကြောင်းသိရသည်။

"ဒါတွေက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာတွေရှိတယ်။လက်ရှိ ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ သီးခြားဆောင်ရွက်တာမရှိသေးဘူး။"ဟုမန္တလေးတိုင်းဒေသကြီးလွှတ်တော် သာသနာရေး၊လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

မန္တလေးခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ချို့တွင် လူနေအိမ်များတည်ဆောက် နေထိုင်ခြင်းနှင့် လုပ်ငန်း လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာအဖွဲ့များက ၂၀၁၈ခုနှစ်နှင့်၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်း လေးကြိမ်ခန့် ရှင်းလင်း ဖယ်ရှားခဲ့သော်လည်း ပြန်လည်နေထိုင်လုပ်ကိုင်နေမှုများရှိကြောင်း သိရသည်။

"ဘုန်းကြီးကျောင်းတွေထဲမှာ မရှိအပ်ဘူး။မရှိသင့်ဘူး။ဒါကြောင့် အကြိမ်ကြိမ်ရှင်းလည်း မရဘူး။ ပြန်ရောက် လာတာပဲ။အကြောင်းအမျိုးမျိုးနဲ့ပေါ့။ လက်ခံတဲ့ ဆရာတော်တွေကလည်း ရှိတယ်။သာသနာအတွက်လည်း မကောင်းဘူး။အားလုံး ဝိုင်းကူကြဖို့လိုတယ်။ ထိထိရောက်ရောက်ရှင်းဖို့ လိုတယ်။"ဟု မန္တတောင်ခြေမှှ ဆရာတော် ဦးလောကပါလက မိန့်ကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly