ဘူးလက်(ခ)ဦးလှဆွေကို တရားစွဲဆိုမှု တောင်းပန်ပါက ကျေအေးပေးမည်ဟုဆို

ဘူးလက်(ခ)ဦးလှဆွေကို တရားစွဲဆိုမှု တောင်းပန်ပါက ကျေအေးပေးမည်ဟုဆို
ဓာတ်ပုံ - EPA

ရန်ကုန်၊ သြဂုတ်လ ၂၁ ။            ။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်(ခ)ဦးလှဆွေကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲဆိုထားမှုအပေါ် ဦးလှဆွေ အနေဖြင့်တောင်းပန်မည်ဆိုပါက ကျေအေးပေးမည် ဟု အစ္စလာမ်ဘာသာ ရေး ခေါင်းဆောင် ဦးစန်းအောင် ကပြောသည်။

"တရားရုံးက အဆုံးအဖြတ်ပေးလိုက်မယ်ဆိုရင် တကယ်လို့သူက တောင်းပန်တယ်၊ ကျေအေးပေး လိုက်ပါတယ်၊ နောက်နောက် ဒီလိုတွေ မပြောကြတော့ပါဘူးဆို ပြီးသွားတာပါပဲ။ ကျွန်တော့်ဘက်က ခွင့်လွှတ်ဖို့အဆင့်သင့်ပါ။ နောက်နောက် မပြောရင် ပြီးတာပါပဲ။ ဘာအာဃာတ မှမရှိပါဘူး။ ဘယ်သူနဲ့မှ အာဃာတ မရှိပါဘူး " ဟု အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင် က မဇ္စျိမသတင်းဌာန ကို ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်(ခ)ဦးလှဆွေသည် သြဂုတ်လ ၃ ရက်နေ့က မြို့တော်ခန်းမ အရှေ့တွင် ဟောပြောခဲ့မှုများအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးစန်းအောင် က သြဂုတ်လ ၇ ရက်နေ့ တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

ကျောက်တံတားမြို့နယ်တရားရုံးမှ အမှုကို သြဂုတ်လ ၂၁ ရက်နေ့တွင် လက်ခံခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့ တွင် တရားစွဲဆိုရမည့်အမှု နှင့် ပတ်သက်၍ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

"ဒီနေ့တရားသူကြီးချိန်းတယ်။ တရားသူကြီးက ၂၀၂ နဲ့ချပေးတဲ့ဟာကို ရဲက ပြန်တင်လိုက်ပါပြီ။ သူတို့ဘက်က စစ်ဆေးပြီးပါပြီ။ကျွန်တော်ကိုလည်း စစ်ပါတယ်။ သက်သေလည်း စစ်တယ်။အဲဒါကို တရားသူကြီး ၂၈ ရက် နေ့မှာ ဘာပုဒ်မ တပ်မလဲ ဆိုတာကို ကျွန်တော်ကို ၂၈ ရက်နေ့ ပြန်ချိန်းပါတယ်" ဟု ဦးစန်းအောင် က ပြောသည်။

ဘူးလက်(ခ) ဦးလှဆွေသည် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုများအတွက် ပြုလုပ်သော ကန့်ကွက် ရှုတ်ချပွဲတွင် အစ္စလမ် ဘာသာနှင့် ပတ်သက်၍ ဟောပြောခဲ့မှုအတွက် တရားစွဲဆိုခြင်းခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly