ONE Championship ကစားသမား Sasha Moisa ပြောသည့် မြန်မာ့လက်ဝှေ့အကြောင်း

ONE Championship ကစားသမား Sasha Moisa ပြောသည့် မြန်မာ့လက်ဝှေ့အကြောင်း

အသက် ၂၄ နှစ် အရွယ်ရှိ ယူကရိန်းနိုင်ငံသား Sasha Moisa သည် ကိုယ်ခံပညာ အားကစားကို ချစ်ခင်မြတ်နိုးသူတစ်ဦးဖြစ်သည်။ ၎င်း၏ ရှည်လျားလှသည့် ကိုယ်ခံပညာ ခရီးကို အသက် ၁၃ နှစ်အရွယ်တွင် ဂျူဒို အားကစားနည်းဖြင့် စတင်ခဲ့သည်။ Moisa သည် အသက် ၁၈ နှစ်အရွယ်တွင် မွေထိုင်းပညာကိုသင်ယူခဲ့ပြီး ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ အားကစားသမားတစ်ဦးအဖြစ် စတင်လျောက်လှမ်းခဲ့သည်။

“မြန်မာ့ရိုးရာလက်ဝှေ့က တွေ့ဖူးသမျှထဲမှာ အကြမ်းဆုံး ကိုယ်ခံပညာ အားကစားပါပဲ။ လက်ဗလာနဲ့ ထိုးရတာကလည်း ခံစားမှုတစ်မျိုးပေးတယ်။ နောက်ပြီး ဦးခေါင်းနဲ့ တိုက်ခိုက်တာမျိုးပေါ့။ ကျွန်တော် ဘယ်မှာမှ မတွေ့ဖူးဘူး။ ဦးခေါင်းနဲ့ တိုက်ခိုက်ရတာကိုလည်း ကြိုက်နှစ်သက်မိတယ်” ဟု Moisa ကဆိုသည်။

၎င်းသည် အားကစားပညာဖြင့် မဟာဘွဲ့ရထားသူတစ်ဦးဖြစ်ပြီး မွေထိုင်း ကမ္ဘာ့ချန်ပီယံဆုများစွာကို ဆွတ်ခူးထားသူလည်းဖြစ်သည်။ ၎င်း၏ လျင်မြန်လှသည့် လက်သီးချက်များသည် ပြိုင်ဘက်များကို များစွာအခက်တွေ့စေပြီး ပါးရည်နပ်ရည်ရလည်းရှိလှသည်။ Moisa သည် ONE Kick Boxing ဖယ်သာဝိတ် ကမ္ဘာ့ဂရင်းပရီ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်၌ ထိုင်းကစားသမား Jo Nattawut  ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

“ မြန်မာ့လက်ဝှေ့ကို youtube ကနေတစ်ဆင့်ကြည်ပြီး လေ့လာလေ့ကျင့်ခဲ့ပါတယ်။ အထူးသဖြင့် ခေါင်းတိုက်တဲ့ တိုက်ကွက်တွေကိုပေါ့။ အခွင့်အရေး ကြုံခဲ့ရင် မြန်မာနိုင်ငံကိုလာပြီး ရိုးရာလက်ဝှေ့ကို သေသေချာချာ လေ့လာချင်ပါသေးတယ်။ လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။” ဟု Moisa ကဆိုသည်။

Moisa သည် WCL 7 တွင် မြန်မာ့ရိုးရာလက်ဝှေ့ကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေရာမာန်ကို အလဲထိုးအနိုင်ယူခဲ့သည်။ ထို့နောက် WLC 9 တွင် Artur Saladiak ကိုအနိုင်ယူပြီး WLC လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရရှိခဲ့သည်။

“မြန်မာနိုင်ငံဟာ တကယ်ကိုလှပပြီး ချစ်စရာကောင်းတဲ့ နိုင်ငံပါ။ နောက်ပြီး မြန်မာ့လက်ဝှေ့ဟာလည်း တကယ်ကို ကောင်းမွန်တဲ့ ကိုယ်ခံပညာတစ်ခုပါ။ ကျွန်တော်အနေနဲ့ မြန်မာ့လက်ဝှေ့ ကစားခွင့် ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ လက်ရှိချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ဖို့အတွက် ဒီထက်ပိုကြိုးစားသွားမှာပါ” ဟု Moisa က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly