သဘာဝကျောက်တန်းအား တူးဖေါ်နေမှု မရပ်ပါက ကိုးရီးယားကုမ္ပဏီအား ဆန္ဒထုတ်ဖေါ်မည်

သဘာဝကျောက်တန်းအား တူးဖေါ်နေမှု မရပ်ပါက ကိုးရီးယားကုမ္ပဏီအား ဆန္ဒထုတ်ဖေါ်မည်
မဇ္ဈိမ/ DMG

စစ်တွေ၊ အောက်တိုဘာ ၁၃။ ။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းအနီး တည်ရှိသည့် ကျေးရွာတချို့အား သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနေသည့် သဘာဝကျောက်တန်းတစ်ခုအား ကိုးရီးယားကုမ္ပဏီ BHT မှ ဆက်လက်တူးဖေါ်နေပါက ဆန္ဒထုတ်ဖေါ်မှု ပြုလုပ်သွားမည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းကိစ္စကို ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာတင်တောင်ပြတောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကာ ကျောက်ထုတ်လုပ်မှုအား ဆက်လက်လုပ်ကိုင်နေပါက ကျောက်တန်းအနီး၌ ဆန္ဒထုတ်ဖေါ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောက်တန်းသည် မညင်းကိုင်းကျေးရွာ၊ အထက်မညင်းကိုင်းကျေးရွာ၊ ကနိသင်ကျေးရွာ၊ တောင်ဦးမော်ကျေးရွာ၊ ကျောက်ပြင်ကျေးရွာ၊ ပိန္နချောင်းကျေးရွာနှင့် နေပူခံကျေးရွာတို့အား သဘာဝဘေးအန္တရာယ်မှ သဘာဝအရ အကာအကွယ် ပေးထားခြင်းဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ရာကြောင်း မညင်းကိုင်းကျေးရွာမှ ဦးအောင်ဘသန်းက ပြောသည်။

"ကျောက်တန်းက ကျွန်တော်တို့ဒေသအတွက် လှိုင်းကာကျောက်တန်းတစ်ခုဖြစ်တယ်။ ဒါကြောင့်လည်း ဂီရိဖြစ်တုန်း ကတောင် ကျွန်တော်တို့ဘာမှ မဖြစ်ခဲ့ပါဘူး။ ကျောက်တန်းက မိုင်အားဖြင့်တော့ နှစ်မိုင်လောက်ရှိမယ်။ အခု အဲဒီကုမ္ပဏီ က တစ်မိုင်ကျော်လောက်ကို တူးလိုက်ပြီ။ ဒါကြောင့်လဲ ကျွန်တော်တို့တွေ ဒါကိုတားဆီးပေးဖို့ ဝန်ကြီးချုပ်ထံကို လိပ်မူပြီး သနားခံစာတင်ပြထားတာဖြစ်တယ်။” ဟု ၎င်းကဆိုသည်။

ယင်းကျောက်တန်းကို ရေနံပေါ်ကျောက်တန်း၊ ကုန်းတန်းကျောက်တန်း၊ ကေဇောလီကျောက်တန်း စသည်ဖြင့် ဒေသခံများခေါ်ဝေါ်ကြပြီး BHT ကုမ္ပဏီမှ ကျောက်တူးဖေါ်နေမှုမှာလည်း နှစ်လခန့်ကြာမြင့်နေပြီဖြစ်သည်။

ကျောက်ထုတ်လုပ်တူးဖေါ်မှု စတင်ချိန်တွင် BHT ကုမ္ပဏီမှ ယင်းဒေသရှိ ကျေးရွာတချို့၌ ကျောင်းဆောက်ပေးခြင်း၊ တံတားထိုးပေးခြင်းနှင့် ရေကန်များတူးဖေါ်ပေးမည်ဟု ကတိပြုခဲ့သည့်အတွက် လုပ်ကိုင်ခွင့်များပေးထားခြင်းဖြစ်ကာ လက်ရှိအချိန်တွင် အဆိုပါ ကတိများကို လုပ်ဆောင်ပေးခြင်း မရှိဟုလည်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါကျောက်တန်းကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ၌ ဆွေးနွေးမှုများ ပြုလုပ်ရန် ကျေးရွာအုပ်စု ဥက္ကဌထံမှ စာရောက်ရှိလာခဲ့ကြောင်းလည်း ဦးအောင်ဘသန်းကပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly