အမှိုက်က ရွှေဖြစ်နေတဲ့ အင်ဒိုနီးရှား ဘန်ဂန်းမြို့လေး

အမှိုက်က ရွှေဖြစ်နေတဲ့ အင်ဒိုနီးရှား ဘန်ဂန်းမြို့လေး

ဂျကာတာ၊ သြဂုတ် ၂၀ ။          ။ ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ တခါသုံး ပလတ်စတစ်တွေရဲ့ ကပ်အန္တရာယ်ကို ဖြေရှင်းကိုင်တွယ်ရတာက ခေါင်းခဲနေရတဲ့ ပြဿနာကြီးတစ်ရပ်ပါပဲ။

ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဘန်ဂန်းမြို့နေအတွက်ကတော့ အမှိုက်ဟာ အသပြာပါပဲ။

မြို့လေးမှာ နေထိုင်ကြသူ သုံးပုံ နှစ်ပုံလောက်က အမှိုက်ပုံဟာ သူတို့အတွက် ဘဏ္ဍာသိုက်ဖြစ်နေပါတယ်။ ဒီ နှစ်အစောပိုင်းမှာ တရုတ်နိုင်ငံဟာ နိုင်ငံခြားက အမှိုက်တွေ တင်သွင်းတာကို တားမြစ်လိုက်တဲ့နောက်ပိုင်းမှာ အရှေ့တောင်အာရှဆီ ပြည်ပက တင်ပို့အမှိုက်တွေ လမ်းကြောင်းပြောင်းပြီး ဝင်ရောက်လာပါတယ်။

အဲဒါကြောင့် ဘန်ဂန်းမြို့သူမြို့သားတွေအတွက် ဝင်ငွေပိုကောင်းစေပါတော့တယ်။ တောင်ပုံရာပုံ အမှိုက်တွေထဲကနေ စွန့်ပစ်ပလတ်စတစ်ဘူးတွေ၊ ကတ္တူဘူးတွေနဲ့ သံဘူးတွေကို ပြည်တွင်းကုမ္ပဏီတွေဆီ ပြန်သွင်းပြီး ငွေစဖော်တဲ့ ဘန်ဂန်းမြို့လေးဟာ ဝင်ငွေပိုတိုးလာခဲ့ပါတော့တယ်။

“ကျွန်တော်မှာ သားသမီး သုံးဦး ရှိတယ်။ အားလုံးကို တက္ကသိုလ် ထားနိုင်တယ်။ အမှိုက်တွေထဲ ရောင်းလို့ ရမှာတွေကို မွှေနှောက်ရှာဖွေပြီး ဝင်ငွေရအောင် လုပ်နိုင်တာကြောင့် အူစိုရုံမက သားသမီးတွေကိုပါ တက္ကသိုလ် ထားနိုင်တာဖြစ်တယ်။”လို့ ဒူးလောက်နစ်တဲ့ အမှိုက်ကွင်းပြင်ကြီးနား ရပ်ရင်း အသက် ၅၂ နှစ်အရွယ် ကီမန်းဆိုသူက ပြောပါတယ်။

တစ်ချိန်က ကမ္ဘာမှာ ရီဆိုင်ကယ်အသုံးပြု ထုတ်လုပ်မှု အကြီးမားဆုံးဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ပြည်ပက အမှိုက်တွေကို ပိတ်ဆို့လိုက်တာကြောင့် လုပ်ငန်းတွေ ကမောက်ကမဖြစ်ပြီး အမှိုက်အစုလိုက်အပုံလိုက်ဟာ အရှေ့တောင်အာရှဆီ တစ်ဆင့်ခံ စီးဝင်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အမှိုက်တင်သွင်းမှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ ထိုးတက်သွားခဲ့ပြီး ၂၀၁၇ နှောင်းပိုင်းက တလမှာ တန်ချိန် တသောင်း တင်သွင်းခဲ့တာကနေ ပြီးခဲ့တဲ့နှစ်မှာတော့ တန်ချိန် သုံးသောင်းခွဲအထိ တင်သွင်းခဲ့ပါတယ်။

ဒီလို အခြေအနေမှာ လက်မှိုင်ချရသူတွေကတော့ ပလတ်စတစ် ကင်းစင်ရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး Greenpeace Indonesia အဖွဲ့က တရုတ်နိုင်ငံက အမှိုက်တင်သွင်းတာ ပိတ်လိုက်ပြီးနောက်ပိုင်း အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly