ပုဏ္ဏားကျွန်းအဝင်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးစိုးရိမ်ရ

ပုဏ္ဏားကျွန်းအဝင်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးစိုးရိမ်ရ

ရန်ကုန်၊ သြဂုတ် ၂၀ ။             ။ ကျောက်တော်မြို့နယ်မှ စစ်တွေမြို့သို့ပြန်လာသည့် ရတဖ(၃၂) ဒုတပ်ရင်းမှူး ပါဝင်သောယာဉ်တန်းမှာ ပုဏ္ဏားကျွန်း အဝင်တွင်မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးမှာ စိုးရိမ်ရသည်ဟု ကြားသိရကြောင်း နပခ ဗိုလ်မှူးကြီးဝင်းဇော်ဦးကမဇ္စျိမသို့အတည်ပြုပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိရသေးဟု ၎င်းကဆိုသည်။

“ မနက်တုန်းက ကျောက်တော်ကနေပြီးမှ ရတဖ (၃၂) ကရဲယာဉ်တန်းတစ်ခုက စစ်တွေကိုပြန်တာပေါ့နော်။ ပြန်တော့ ယိုးတရုတ်နားမှာ တော့ ဆွဲမိုင်း ၂ လုံးဆွဲခံရတယ်။ ကားလည်း နည်းနည်းပျက်သွားတယ်။ ပြီးရင် လူလဲဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတာတစ်ယောက်တော့ ပါသွားတယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်ဦးရေအတိအကျကို မသိရှိရသေးသော်လည်း ယာဉ်တန်းတွင် ပါဝင်ခဲ့သည့် စစ်တွေအခြေစိုက် ရတဖ(၃၂)မှ ဒုရဲမှူးသောင်းလွင်မှာ ကျဆုံးခဲ့သည်ဟုကြားသိရကြောင်း ရဲဲပရဟိအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဟိန်းကပြောသည်။

“ဟုတ်ပါတယ်။ လှုပ်ရှားထွက်ပြီးပြန်လာတဲ့အချိန်မှာ မိုင်းဆွဲခံရတယ်လို့ကြားရပါတယ်။ တပ်ရင်း (၃၂) ကပါ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ နပခ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတာ တစ်ယောက် တော့ပါသွားတယ်။ အဲ့တစ်ယောက်များလားတော့မသိဘူး။ ကျွန်တော်က ဖြစ်စဉ်ဖြစ်တာတော့ အတည်ပြုလို့ ရတယ်။ ဆုံးမဆုံးဆိုတာတော့ မသိဘူးဗျ” ဟုဆိုသည်။
ထို့ကြောင့် မဇ္စျိမမှ သတင်းအတည်ပြုနိုင်ရန် ရဲသတင်းမှန်ပြန်ကြားရေးသို့ သြဂုတ်လ ၂၀ ရက်နေ့တွင် ထပ်မံ ဆက်သွယ်သော်လည်း ညနေ ၅ နာရီအချိန်အထိ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

အလားတူူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦး ဓားဖြင့်အထိုးခံရမှုဖြစ်ပွားခဲ့ကာ လက်ရှိအချိန်တွင် စစ်တွေဆေးရုံး၌ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly