INF စာချုပ်ကနေ နုတ်ထွက်ပြီးနောက် တာလတ်ပစ် ခရု(စ်) ဒုံးကျည်တစ်မျိုးကို အမေရိကန် စမ်းသပ်

INF စာချုပ်ကနေ နုတ်ထွက်ပြီးနောက် တာလတ်ပစ် ခရု(စ်) ဒုံးကျည်တစ်မျိုးကို အမေရိကန် စမ်းသပ်

သြဂုတ် ၂၀ ။                  ။ တာလတ်ပစ် ခရု(စ်) ဒုံးကျည်တစ်မျိုးကို စမ်းသပ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါဟာ ရုရှားနဲ့ အကြား ချုပ်ဆိုထားခဲ့တဲ့ INF ခေါ် တာလတ်ပစ် နျူကလီးယားစာချုပ်ကနေ အမေရိကန် တရားဝင် နုတ်ထွက်သွားပြီးနောက် သီတင်းပတ်တွေအကြာမှာပဲ ခုလို စမ်းသပ်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

INF စစ်အေးခေတ် စာချုပ်ကတော့ အလားတူ နျူကလီးယားတပ်ဆင်နိုင်တဲ့ လက်နက်တွေ တပ်ဆင်မှုတွေကို တားမြစ်ဖို့ ရည်ရွယ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က အဆိုပါ ခရု(စ်) ဒုံးကျည်ကို ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအနီး အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း ပင်တဂွန်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အမေရိကန်ဟာ စစ်ရေး တင်းမာမှုတွေ အရှိန်မြင့်အောင် လုပ်နေတယ်လို့ မော်စကိုက စွပ်စွဲသွားပါတယ်။

INF စာချုပ်ကို ရုရှားတို့ဘက်က အရင်ချိုးဖောက်တာလို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်မှာ အမေရိကန်က ယင်းစာချုပ်ကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ခုလို INF စာချုပ် ပျက်ပြားသွားမှုကြောင့် လက်နက်အင်အား ပြိုင်ပွဲသစ်တစ်ခု ပေါ်ပေါက်လာမယ့်အပေါ် အကဲဖြတ်တွေက စိုးရိမ်နေကြပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly