ကိုယ့် ကတိ ကိုယ်ထိန်းဖို့ သမ္မတ ထရမ့်ကို တရုတ် တိုက်တွန်း

ကိုယ့် ကတိ ကိုယ်ထိန်းဖို့ သမ္မတ ထရမ့်ကို တရုတ် တိုက်တွန်း

ပေကျင်း၊ သြဂုတ်၂၀ ။           ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ကိုယ်ရဲ့ ကတိ ကိုယ်ထိန်းပြီး အမေရိကန် ကုမ္ပဏီတွေကို တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးနဲ့ စီးပွားရေး တွဲဖက်လုပ်ကိုင်ခွင့်ကို ခွင့်ပြုရမှာဖြစ်ကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့မှာ ပြောဆိုတိုက်တွန််းပါတယ်။

မေလအတွင်းက ၀ါရှင်တန်ဟာ အမေရိကန် ကုမ္ပဏီတွေ ဟွာဝေးနဲ့ ပတ်သက်လုပ်ကိုင်မှုကို တားမြစ်ထားတာ ဖြစ်ပါတယ်။

“တရုတ်နဲ့ အမေရိကန် သမ္မတနှစ်ဦး ဂျပန်နိုင်ငံ အိုဆာကာမှာ တွေ့ခဲ့တုန်းက အမေရိကန် ကုမ္ပဏီတွေ ဟွာဝေးနဲ့ တွဲဖက်လုပ်ကိုင်တာတွေကို ပြန်ခွင့်ပြုမယ်ဆိုပြီး ပြောခဲ့တယ်။ ဒီ ကတိစကားကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ခွင့် ရမှာလဲ။ အမေရိကန်ရဲ့ ဂုဏ်သတင်းနဲ့ ယုံကြည်ရမှုကိုတော့ စိုးရိမ်မိတာ အမှန်ပဲ။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ အမေရိကန်ဟာ နှုတ်ထွက်ကတိစကားကို စောင့်ထိန်းမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီတွေအပေါ် အခြေအမြစ်မဲ့ ပိတ်ဆို့နေတာတွေကို ရပ်ပစ်လာမယ်လို့ မျှော်လင့်ပါတယ်။”လို့ ကျန်ရှောင်းက ထပ်လောင်းပြောပါတယ်။

ပြီးခဲ့တဲ့  ဇွန်လအတွင်းက အိုဆာကာက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ပြင်ပန်း တွေ့ဆုံမှုမှာ သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က နှစ်နိုင်ငံကြား ဖြစ်ပွားဆဲ ကုန်သွယ်ရေးစစ်ပွဲ ပြီးဆုံးရေးကို ကြိုးပမ်းဖော်ဆောင်ရေး သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတ ထရမ့်က ဟွာဝေးနဲ့ စီးပွားတွဲလုပ်တာတွေကို သူ့ အစိုးရက စိတ်မဝင်စားဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ပြောလာတာကြောင့် တရုတ်ဖက်က တုံ့ပြန်လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly