မြောက်ဦးမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာတချို့ သောက်သုံးရေနှင့် ပညာသင်ကြားမှုခက်ခဲနေဆဲ

မြောက်ဦးမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာတချို့ သောက်သုံးရေနှင့် ပညာသင်ကြားမှုခက်ခဲနေဆဲ
Photo မဇ္စျိမ / DMG

အောက်တိုဘာလ ၁၃ ရက် ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရေဘေးဒဏ်ဆိုးရွားစွာ ခံစားခဲ့ရသည့် ကျေးရွာတချို့တွင် ယခုအချိန်အထိ သောက်သုံးရေနှင့် စာသင်ကြားမှုအပိုင်းတွင် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါကျေးရွာများရှိ သောက်ရေကန်များအား ရေစုတ်ထုတ်ပေးခဲ့ကြသော်လည်း ရွံနွံများကို မဖယ်ထုတ်ခဲ့ကြသည့် အတွက် ရေကန်အများစုရှိရေများမှာ သောက်သုံးရန်  အဆင်မပြေဖြစ်နေပြီး ဝမ်းရောဂါများအပြင် တစ်ခြားရေနှင့် ဆိုင်သော ရောဂါများဖြစ်ပွားမည်ကိုလည်း စိုးရိပ်နေကြကြောင်း ဘောက်ကန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“လောလောဆယ် အခက်အခဲကတော့ ကျွန်တော်တို့ရွာ ရေနစ်သွားတဲ့ကန် သုံးကန်ရှိပါတယ်။ အဲဒီသုံးကန်လုံး ရေနစ်သွားတဲ့အတွက် ရေကနောက်ကျိနေတယ်။ လုံးဝမကြည်လင်သေးဘူး။ အနီးအနားကျေးရွာတွေက စက်လှေတွေနဲ့ပြီး ခပ်ယူနေရပါတယ်။" ဟု ပြောသည်။

ယင်းဒေသရှိ ကူတို့ရွာ၊ ပန်းဘဲတန်းရွာနှင့် ဘောင်းတန်းရွာ စသည့်ကျေးရွာများတွင်လည်း အလားတူ အခက်အခဲ ဖြစ်နေကြောင်း ၎င်းကဆိုသည်။

ရေကြီးသည့်အချိန်မှ လက်ရှိအချိန်ထိ ကူညီပေးနေသော စစ်တွေနာရေးကူညီမှုအသင်း နယကတစ်ဦးဖြစ်သည့် ဦးရွှေထွန်းအောင်က "လက်ရှိ ကျနော်တို့ကတော့ ဆန်၊ ဆီ၊ ဆား၊ စောင်၊ သောက်ရေတွေ စတဲ့ လှူဒါန်းပေးနေပါတယ်။ အဓိက သောက်ရေတွေ လိုအပ်နေပါတယ်။ တချို့ကျေးရွာတွေဆိုရင် ရေကန်တော့ တူးလိုက်တယ်။ မိုးကသိပ်မရွာတော့ ရေနောက်တွေပဲ ကျန်ခဲ့တယ်။" ဟု ပြောသည်။

ဘောက်ကန်ချောင်းကျေးရွာရှိ မူလတန်းကလေးပေါင်း ၁၃၇ ဦးခန့်နှင့် မူလတန်းလွန်ကလေးငယ် ၆၀ ဦးခန့်တို့မှာ မူလက ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းပျက်ဟောင်းတွင် သင်ကြားနေရာမှ ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပိုမို ပျက်စီးသွားသဖြင့် ယခု ဘုန်းတော်ကြီးကျောင်းတွင် သင်ကြားနေရကြောင်း တာဝန်ကျ ကျောင်းဆရာတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ရေဘေးကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များအား ယာယီကျောင်းဆောင်များအဖြစ် ပြန်လည်တည်ဆောက်ပေးလျက်ရှိပြီး တစ်ပြည်နယ်လုံးတွင် ယာယီကျောင်း ဆောင်ပေါင်း ၆၀ ခန့်ကို အောက်တိုဘာလတွင်း အပြီးသတ် တည်ဆောက်ပေးသွားမည်ဟု ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောကြားထားသည်။

ပညာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ငွေဖြင့် တည်ဆောက်ပေးသွားမည် ယာယီကျောင်းဆောင်များရှိသကဲ့သို့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တည်ဆောက်ပေးမည့် ယာယီစာသင်ကျောင်းများအား Save The Children နှင့် LWF တို့က တည်ဆောက်ပေးမည်ဟု ကမ်းလှမ်းထားကြောင်း ဦးလှစိန်ထွန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly