လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေးဟုဆို

လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။ ။ လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်ပိုင်အလံများ စိုက်ထူရေးနှင့် ပက်သက်ပြီး သဘောတူညီမှု မရရှိသေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလ က အောက်တိုဘာ ၁၃ ရက်တွင် မဇ္ဈိမကိုပြောသည်။

"စစ်ဖက်တာဝန်ရှိသူက စစ်ဝတ်စုံဝတ်ဖို့ကို သမ္မတက သဘောတူတယ်။ အခမ်းအနား အဆောက်အဦးအရှေ့မှာ အလံစိုက်ဖို့ကိုတော့ ဥပဒေနဲ့အညီ လုပ်လို့ပြောတယ်။ အဲဒါက နောက်နေ့အစည်းအဝေးမှာ ဆက်ပြီးညှိရဦးမယ်။ ဒီဟာကလည်း ကျင်းပရေးကော်မတီမှာ ထစ်နေတဲ့အချက်တွေကို သမ္မတနဲ့ထပ်ပြီး ညှိနှိုင်းတာပါ။" ဟု ၎င်းကဆိုသည်။

MPC ၌ အောက်တိုဘာ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရေးပူးတွဲကော်မတီ အစည်းအဝေးမှ ဆွေးနွေးရန် ကျန်ရှိနေသေးသည့် အခမ်းအနားအစီအစဉ်များမှ စစ်ဝတ်စုံ ဝတ်ဆင်ရေး၊ အလံစိုက်ထူရေးနှင့် ပက်သက်ပြီး လက်မှတ်ထိုးမည့် ၈ဖွဲ့ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူဆေးဖိုးနှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ်ဆစ်တို့က သမ္မတဦးသိန်းစိန်နှင့် အောက်တိုဘာ ၁၃ တွင် သွားရောက်ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လက်မှတ်ရေးထိုးပွဲသို့ စစ်ဖက်ဆိုင်ရာမှ တက်ရောက်သူများအနေဖြင့် စစ်ဖက်အဝတ်အစား ဝတ်ဆင်ကြရန် သဘောတူညီမှုရခဲ့သည်။

အလံစိုက်ထူရေးနှင့် ပတ်သက်၍မူ လက်မှတ်ရေးထိုးမည့်အခမ်းအနားမှ ခုံများတွင် ကိုယ်ပိုင်အလံများ စိုက်ထူနိုင်သော်လည်း၊ ပွဲကျင်းပရာအဆောက်အဦးရှေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အလံများ စိုက်ထူရေးကိုမူ တိကျသည့် ဆုံးဖြတ်ချက် မရရှိခဲ့ပေ။

"ကျွန်တော်တို့ နောက်နေ့ ပူးတွဲကျင်းပရေးကော်မတီအစည်းအဝေးမှာ ဆက်ဆွေးနွေးရမှာပါ။ ကျွန်တော်တို့ကတော့ အသိအမှတ်ပြုတယ်ဆိုတာကော၊ နောက်ထိုးမယ့်အဖွဲ့တွေအတွက် လိုလိုလားလားရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုကိုလည်း သိစေချင်တာပါ။" ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။

အောက်တိုဘာ ၁၅ရက်၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ အဖွဲ့အစည်းတစ်ခုမှ ၃ ဦးကို ဖိတ်ကြားထားသဖြင့် RCSS/SSA မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ်ဆစ်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလနှင့် ဗိုလ်မှူးချုပ် အောင်ခေးတို့ တက်ရောက် မည်ဟု ၎င်းကပြောသည်။

အပစ်ရပ်စဲရေးလက်မှတ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန ၂ တွင် နံနက် ၉နာရီ၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags