မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား သြဂုတ် ၂၀ ညနေတွင် စတင်အသုံးပြုနိုင်မည်

မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား သြဂုတ် ၂၀ ညနေတွင် စတင်အသုံးပြုနိုင်မည်

ရန်ကုန် ၊ သြဂုတ် ၂၀ ။         ။ မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ပျက်စီးသွားခဲ့ရသည့် နောင်ချိုဂုတ်တွင်း ကားလမ်းတံတားကို  သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်အသုံးပြုနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပျက်စီးသွားသည့် တံတားပေါ်တွင် ယာယီဘေလီ တံတား အသစ်ထပ်မံထိုးခြင်းဖြစ်ပြီး တံတား၏ အလေးခံနိုင်ဝန်ကို စမ်းသပ်စစ်ဆေးပြီးပါက ဖြတ်သန်းသွားလာခွင့် ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

အိမ်စီးကားများ ၊ ခရီးသည်တင် ကားများ နှင့် ကုန်တင်ကား(ယာဉ်+ ကုန်= ၃၆ တန်) အထိ ရှိသည့် ကားများသာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တွဲကားများ ဖြတ်သန်းနိုင်မည် မဟုတ်သေးပေ။

လက်ရှိတွင် တံတားသံဘောင်များ Top Chord & Bottom Chord အပြီးတပ်ဆင်ခြင်း ၊တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်း များကို လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

အဆိုပါတံတားသည် နောင်ချိုမြို့အထွက် ၁ မိုင်ခန့်ဝေးသည့် နေရာတွင်ရှိပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် မန္တလေးမှ မူဆယ်သို့သွားသည့် လမ်းပေါ်တွင် ကားများ ရာနှင့်ချီပြီး ပိတ်မိနေကာ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။

သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း မိုင်းခွဲ ဖျက်ဆီးခံထားရသည်။

တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေခဲ့လို စစ်ဘေးတိမ်းရှောင်နေရသည့် သူများလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly