လက်သည်းကိုက်ခြင်းရဲ့ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား

လက်သည်းကိုက်ခြင်းရဲ့ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
လစ်တာနဲ့ လက်သည်းလေးတွေကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက်နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကိုစင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်း ပြောကြသေးတယ်။

သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ…
ဒါတွေဖြစ်နိုင်တယ်နော် –

လက်သည်းပိုးဝင်တာ

လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က သန့်တယ်ဆိုလည်း ကိုယ့်ပါးစပ်က ဘယ်လောက်သန့်နေမယ်ထင်ပါသလဲ။ လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယားအသိုက်ကြီးတစ်ခုဆိုတာ မသိလေရော့သလား။

လက်သည်းကိုပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစိုဖြစ်လာတာ၊ အနာရင်းပြီး လက်ထိပ်တွေပျက်စီးရတာတွေအထိ ဖြစ်လာနိုင်တယ်။ လက်သည်းထိပ်တွေ နီရဲ၊ ရောင်ရမ်းလာတာ၊ နာကျင်ရတာ၊ ပြည်တွေတည်တာ ဖြစ်လာနိုင်ပါတယ်။

ရောင်ရမ်းတာ

တံတွေးရဲ့ ဓာတုပစ္စည်းပါဝင်မှုကြောင့် အဆီနဲ့ တခြားအစားအစာမော်လီကျူးတွေကိုဖြိုခွဲပေးနိုင်တာဖြစ်ပါတယ်။ ဒီိလုပ်ဆောင်ချက်က အစာခြေစနစ်ကို အကူအညီပေးတယ်ဆိုပေမယ့် လက်ကို ပါးစပ်ထဲထည့်ထည့်ထားမယ်ဆိုရင် လက်ချောင်းထိပ်အရေပြားကို ထိခိုက်ရောင်ရမ်းစေနိုင်တယ်။ ဥပမာပြရရင် နှုတ်ခမ်းကို လျှာနဲ့တံတွေးဆွတ်တာက နှုတ်ခမ်းခြောက်ပြီးကွဲစေနိုင်တာ သိကြတယ်မလား။ တံတွေးက အရေပြားကိုဆိုရင် တိုက်စားသွားနိုင်တယ် လို့ ပညာရှင်တွေက ပြောပါတယ်။
နေမကောင်းဖြစ်လွယ်တာ

လက်မှာပါတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ထဲရောက်သွားတာက တကယ်ဆိုးပါတယ်။ လက်သည်းကြားက မမြင်ရတဲ့ရောဂါပိုးမွှားတွေ ပါးစပ်ထဲကတဆင့် ဗိုက်ထဲရောက်မှာ ဘယ်လောက် ကြောက်ဖို့ကောငး်လိုက်သလဲ။ လက်သည်းမကိုက်ခင် လက်ဆေးတယ်ဆိုတာ ဆယ်ကြိမ်မှာ တစ်ကြိမ်လောက်ပဲဖြစ်နိုင်မှာပါ။ ဘယ်သူမှရည်ရွယ်ပြီးလက်သည်းကိုက်တာမဟုတ်၊ အမှတ်တမဲ့ လက်သည်းကိုက်မိကြတာပဲလေ။ အဲဒီထဲမှာ ဘာပိုးမှန်း၊ ဘာဘက်တီးရီးယားမှန်းမသိ အစုံအလင်ကို တစ်ချီတည်း ရသွားနိုင်တော့ ဝမ်းပျက်မလား၊ ဝမ်းကိုက်မလား၊ ဖျားမလား ကြိုက်ရာဖြစ်လို့ရပြီလေ။

လက်စွယ်ငုတ်တာ

လက်သည်းမှာ matrix လို့ခေါ်တဲ့ လက်သည်းအိမ်အလွှာရှိပါတယ်။ လက်သည်းကိုက်တဲ့အကျင့်က ဒီအလွှာကိုထိခိုက်ပျက်စီးစေ၊ ပိုးဝင်စေပြီး လက်စွယ်ငုတ်တာ၊ လက်သည်းပိုးဝင်တာ၊ လက်သည်းပုံပျက်ယွင်းတာ၊အနာရင်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒီအကျင့်ကြောင့် ရုပ်ပျက်ဆင်းပျက် လက်သည်းပျက်စီးလာရင် ဘယ်လိုလုပ်ပါ့မလဲ။

ရေယုန်

herpetic whitlow လို့ခေါ်တဲ့ လက်ချောင်းမှာဖြစ်တဲ့ရေယုန်ဗိုင်းရပ်စ်ဟာ လက်သည်းပန်းကုုံးကနေ ပိုးဝင်တာဖြစ်ပါတယ်။ နှုတ်ခမ်းမှာရေယုန်ဖြစ်တယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက်က လက်ချောင်းကို ဒီဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။

သွားပြဿနာ

ကာလတာရှည်လက်သည်းကိုက်ခြင်းကြောင့် သွားရဲ့အမြစ်တွေကို ပုံစံပျက်ယွင်းစေနိုင်၊ ပျက်စီးစေနိုင်လို့ သွားတွေကို ယိုင်နဲ့စေနိုင်ပါတယ်။ လက်သည်းကိုက်ခြင်းကြောင့် သွားတွေကိုကျိုးပဲ့တာတွေဖြစ်စေနိုင်ပြီး သွားဖုံးရောဂါတွေလည်းဖြစ်စေနိုင်တယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly