ကက်ရှ်မီးယားမှာ ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူ နည်းပါး

ကက်ရှ်မီးယားမှာ ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူ နည်းပါး

ကက်ရှ်မီးယား၊ သြဂုတ် ၂၀ ။        ။ ကက်ရှ်မီးယားဒေသက အဓိက ဆီရီနာဂါမြို့ကြီးက စာသင်ကျောင်းပေါင်း ၁၉၀ ကို ပြန်လည်ဖွင့်လှစ်ပြီလို့ အိန္ဒိယက ကြေညာပေမယ့် ကျောင်းသားကျောင်းသူ တော်တော်များများက ကျောင်းလာတက်ခြင်း မရှိသေးပါ။

ပြီးခဲ့တဲ့ နှစ်ပတ်က ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အထူးအုပ်ချုပ်ခွင့်ကို အိန္ဒိယက ဖျက်သိမ်းလိုက်ပြီးနောက် မငြိမ်မသက်ဖြစ်လာမယ် စိုးရိမ်ပူပန်မှုတွေနဲ့ ကက်ရှ်မီးယားဟာ ကျီးလန့်စာစား အခြေအနေမှာပဲ ရှိနေသေးဆဲဖြစ်ပါတယ်။

တနင်္လာနေ့မှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်တာ ဖြစ်ပေမယ့် စိုးရိမ်မှုတွေကြောင့် ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားဟာ မဆိုစလောက်သာ ရှိပါတယ်။

မွတ်စလင်အများစု ကက်ရှ်မီးယားမှာ ဆူပူအကြမ်းဖက်မှုတွေ ဘယ်အချိန်မှာ ဖြစ်ပွားပေါ်ပေါက်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ အုပ်ဆိုင်းနေချိန်မှာပဲ အိန္ဒိယအာဏာပိုင်တွေက ကျောင်းတွေ ပြန်ဖွင့်ကြောင်း ကြေညာလာတာပါ။

ဒါပေမယ့် သတင်းထောက်တွေ သွားရောက်ကြည့်ရှုတဲ့ စာသင်ခန်းတွေကတော့ အများစုဟာ အခန်းလွတ်တွေအဖြစ်ပဲ ရှိနေပါသေးတယ်။ ဘေးအန္တရာယ် စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

ကက်ရှ်မီးယားမှာ လုံခြုံရေးတင်းကြပ်ထားပေမယ့် ဆန္ဒပြပွဲတွေ ရံဖန်ရံခါ ပေါ်ပေါက်နေပြီး  တစ်ချို့ ဆန္ဒပြမှုတွေက အကြမ်းဖက်အသွင်ကူးပြောင်းခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly