ပါပူဝါပြည်နယ်မှာ လွတ်လပ်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှု အကြမ်းဖက်မှုအသွင်ကူးပြောင်း

ပါပူဝါပြည်နယ်မှာ လွတ်လပ်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှု အကြမ်းဖက်မှုအသွင်ကူးပြောင်း

ဂျကာတာ၊ သြဂုတ် ၁၉ ။        ။ အင်ဒိုနီးရှားနိုင်ငံ ပါပူဝါနဲ့ အနောက်ပါပူဝါပြည်နယ်တွေမှာ တနင်္လာနေ့က ပေါ်ပေါက်တဲ့ လွတ်လပ်ရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားကျွန်းစုရဲ့ အရှေ့ပိုင်းမှာ ရှိပြီး ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အမြစ်တွယ်နေရာ အဲဒီ ပြည်နယ်တွေမှာ အခု ဆန္ဒပြမှုတွေအတွင်း အင်အားထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

အနောက်ပါပူဝါရဲ့ မြို့တော်ဖြစ်တဲ့ မာနော့ဝါရီမှာ ဆန္ဒပြသူတွေဟာ တရားရေးကောင်စီရုံးနဲ့ ကားတွေကို မီးတင်ရှို့ကြပြီး လမ်းတွေကို ပိတ်ဆို့ထားကြောင်း ဌာနေရုပ်သံတွေနဲ့ အွန်လိုင်းဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။
ပါပူဝါရဲ့ မြို့တော် ဂျာယာပူရာက ဆန္ဒပြပွဲတွေမှာတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ မြို့အနှံ့ မော်တော်ဆိုင်ကယ်တွေ လှည့်လည်မောင်းနှင်ကြပြီး ပြည်နယ်နှစ်ခု လွတ်လပ်ရေးကို တောင်းဆိုကြတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ပါပူဝါ ဒေသခံမဟုတ်သူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ တိုက်တွန်းထားပြီး ခုချိန်ထိ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှု သတင်း မကြားသိရသေးကြောင်း အမျိုးသားရဲဌာန ရဲချုပ် တီတိုကာနာဗီယန်က ရုပ်သံကနေ မိန့်ခွန်းပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဂျာဗားကျွန်း ဆူရာဘာယာမြို့မှာ အင်ဒိုနီးရှားနိုင်ငံတော်အလံကို ကျောင်းသားတွေက မလေးမစား လုပ်တယ်ဆိုပြီး ကောလိပ်ကျောင်းဆောင်တွေကို အမျိုးသားရေးဝါဒီတွေက ဝိုင်းရံခဲ့ပါတါယ်။
အဲဒီ အမျိုးသားရေးဝါဒီတွေဟာ အစွန်းရောက်ကြွေးကြော်သံတွေ ဟစ်အော်ကြပြီး လွတ်လပ်ရေးတောင်းဆိုတဲ့ ပါပူဝါပြည်နယ်သားတွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ၎င်းတို့ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ လူစုခွဲပြီး နိုင်ငံတော်အလံကို မထီလေးစားလုပ်တယ်ဆိုတဲ့ ကျောင်းသား ၄၃ ဦးကို ယာယီဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အခု ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

    
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly