တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်ဟု အာဏာရပါတီဘက်မှ ပြော

တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်ဟု အာဏာရပါတီဘက်မှ ပြော

နေပြည်တော်၊ သြဂုတ်လ ၁၉ ၊ ။        ။ ငြိမ်းချမ်းရေးသည် NLD အစိုးရ၏ မူဝါဒဖြစ်သည့်အတွက် တိုက်ခိုက်မှုများကို မနှစ်သက်ကြောင်းနှင့် ရှုတ်ချကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေပေါ်ထွက်လာခြင်းက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီး အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ၎င်းက ပြောသည်။

သြဂုတ် ၁၈ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သည့် NLD CEC အစည်းအဝေးအပြီးတွင် ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ  တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးNLD ၏ သဘောထားကို  မီဒီယာများ၏ မေးမြန်းမှုအပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင် မြို့နှင့်နောင်ချိုမြို့နယ်တို့ရှိ နေရာ ငါးနေရာတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့( AA၊ MNDAA ၊TNLA) ဘက်မှ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျပ် သိန်းသုံးထောင်နီးပါးခန့် ပျက်စီးဆုံးရှုံးကာ တပ်မတော်သားအရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ အပါအဝင် ၁၅ ဦး သေဆုံးခဲ့သည်ဟု အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

“ဒါ ကျွန်တော်တို့ နိုင်ငံသားတွေပါ။ ဘယ်ဘက်ကပဲ ကျဆုံး၊ကျဆုံး၊ နိုင်ငံအတွက် နစ်နာပါတယ်။ ဒီလို အဖြစ်မျိုး မဖြစ်အောင်လို့ ကျွန်တေ်ာတို့ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ရမယ် ။ ကျွန်တေ်ာတို့ကလည်း အစွမ်းကုန်၊ ကျွန်တော်တို့ စွမ်းအားရှိသမျှ လုပ်ဆောင်သွားမှာပါ”ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။
 
အဆိုပါ အဖွဲ့များအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လာရောက်ရန် လမ်းဖွင့်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထိုကဲ့သို့ ဝင်တိုက်ရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်မှ မြောက်ပိုင်း ၃ ဖွဲ့လှုပ်ရှားရာဒေသများသို့ စစ်ရေးအရ ထိုးစစ်များ ဆက်တိုက်ဆိုသလို ပြုလုပ်လာသောကြောင့် ခုခံကာကွယ်သည့်အခြေအနေမှနေ၍ ပုံစံပြောင်း၍ ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း TNLA ဘက်မှလည်း ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly