၀ါရှင်တန်၊ သြဂုတ် ၁၉ ။ ။ ဟောင်ကောင်က ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲဲတွေကို တရုတ်နိုင်ငံအနေနဲ့ တျန်အန်မင်ရင်ပြင် ဆန္ဒပြပွဲကို ဖြိုခွင်းသလို လုပ်လာခဲ့ရင် အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို ထိခိုက်စေလိမ့်မှာဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။
“တရုတ်ဖက်က အကြမ်းဖက််ဖြိုခွင်းရင် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့အရေး ဆွေးနွေးနေတာတေအပေါ် ထိခိုက်ဆိုးဝါးမှုတွေ ဖြစ်လာလိမ့်မယ်။ ကျွန်တော် ပြောတာက နောက်ထပ် တျန်အန်မင်ရင်ပြင် ပုံစံဖြစ်လာတာမျိုးကို ဆိုလိုတယ်။”လို့ ထရမ့်က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောလိုက်တာဖြစ်ပါတယ်။
ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ လနဲ့ချီ ကြာမြင့်အောင် ဖြစ်ပွားပေါ်ပေါက်နေပါတယ်။ ဟောင်ကောင်နယ်စပ်နားမှာ တရုတ်တပ်ဖွဲ့ဝင်တွေလည်း တပ်စွဲထားပါတယ်။
ဆန္ဒပြပွဲတွေကို တရုတ်က စစ်အင်အားသုံး နှိမ်နင်းလာမှာကို စိုးရိမ်ပူပန်နေရပါတယ်။ ဟောင်ကောင်အစိုးရက တရုတ်ဆီ တရားခံလက်လွှဲပေးအပ်တဲ့ ဥပဒေကြမ်း ပြဌာန်းဖို့ လုပ်လာတာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့တာပါ။
အာဏာပိုင်တွေက ဥပဒေကြမ်းကို ဖျက်သိမ်းလိုက်ပေမယ့် ဆန္ဒပြပွဲတွေဟာ အဆုံးသတ်မသွားဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာလည်း တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးစစ် ပြေငြိမ်းရေး နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းနေတာဖြစ်ပြီး ဟောင်ကောင်အရေးမှာ တရုတ်က တျန်အန်မင်ရင်ပြင်ပုံစံ ဖြိုခွင်းလာရင် ကုန်သွယ်ရေးဆွေးနွေးပွဲတွေအတွက် ထိခိုက်စေမှာဖြစ်တယ်လို့ ထရမ့်က သတိပေးလိုက်တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့တာဖြစ်ပြီး ပေကျင်းက တျန်အန်မင်ရင်ပြင်မှာ တင့်ကားတွေပါ သုံးလို့ ဆန္ဒပြသူတွေ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။