ပစ်ခတ်မှုအပြီး ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ နည်းပါး

ပစ်ခတ်မှုအပြီး ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ နည်းပါး

မန္တလေး၊ သြဂုတ် ၁၈ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံရမှုဖြစ်အပြီး ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာအချို့နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီတော် သို့ လာရောက်ဖူးမြှော်သူများ လျော့နည်းသွားသည်ဟု မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီ၊ ဂေါပကဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးဉာဏ်ထွန်းက ပြောသည်။

"ဖြစ်တဲ့နေရာနှင့်သိပ်မဝေးဘူးဆိုတော့လေ။ နှစ်ကုန်းကျော်လောက်ကနေ ပစ်တာ။လှမ်းကြည့်ရင်ကို မြင်နေရတာ။ ကျွန်တော်တို့ရဲ့ ပုံမှန်ဘုရားဖူးတော့ မဟုတ်ဘူးပေါ့။ လာတဲ့သူက တော်တော်ကို လျှော့သွားတယ်"ဟု ဦးဉာဏ်ထွန်းက ပြောသည်။

ထိုသို့ ဘုရားဖူးများလျော့နည်းခြင်းနှင့်အထင်ကရနေရာများတွင် လာလည်သူလျော့နည်းသွားခြင်းမှာ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းတံတားဖျက်ဆီးခံရခြင်းတို့ကြောင့် လမ်းများပိတ်ထားခြင်းကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

ဓါတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ကန်တော်ကြီး စသည့်အထင်ကရနေရာများတွင်လည်း လာရောက်လည်ပတ်သူများ သိသိသာသာ လျော့နည်းသွားသည်ဟု ပြင်ဦးလွင်ဒေသခံ ဦးနိုင်ကြီးက ဆိုသည်။

အထင်ကရနေရာများတွင် စျေးရောင်းချသူများအနေဖြင့်လည်း ဘုရားဖူးနှင့်လာရောက်လည်ပတ်သူ လျော့နည်းခြင်းကြောင့် အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

"ဘုရားဖူးမလာတော့ အရောင်းအဝယ်က တော်တော်ပါးသွားတယ်။" ဟု မဟာအံ့ထူးကံသာဆုတောင်းပြည့် စေတီတွင် စျေးရောင်းချနေသည့် မယုဝါခိုင်က ပြောသည်။

ပြင်ဦးလွင်မြို့သည် ယခုကာလ၌ ဘုရားဖူးများနှင့်လာရောက်လည်ပတ်သူများဖြင့် စည်ကားသည့်လ ဖြစ်သော်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းကြောင့် ဘုရားဖူးများနှင့်လာရောက်လည်ပတ်သူများ လျော့နည်းနေခြင်း ဖြစ်သည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက်ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly