သြစတြေးလျ မုဆိုး ရေတစ်ပေါက်မျှမသောက်ရဘဲ ၆ရက်လုံးလုံး ပုရွတ်ဆိတ်စား၍ အသက်ရှင်ခဲ့ရ

သြစတြေးလျ မုဆိုး ရေတစ်ပေါက်မျှမသောက်ရဘဲ ၆ရက်လုံးလုံး ပုရွတ်ဆိတ်စား၍ အသက်ရှင်ခဲ့ရ

ကင်ဘာရာ၊ အောက်တိုဘာ-၁၃ ။              ။ အပြောကျယ်သည့် သြစတြေးလျ သဲကန္တာရထဲ လမ်းပျောက်နေခဲ့သည့် မုဆိုးတစ်ယောက်မှာ ရေတစ်စက်မျှမသောက်ရဘဲ ပုရွတ်ဆိတ်များကို စား၍သာ ၆ရက်တိုင်တိုင် အသက်ရှင်နေထိုင်နေခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရက်ဂျီနယ် ဖော်ဂါ့ဒီ (၆၂နှစ်)မှာ ပြီးခဲ့သည့်ရက်သတ္တပတ်က ညီဖြစ်သူနှင့်အတူ သြစတြေးလျတောင်ပိုင်း ဂရိတ်ဝိတိုရိယသဲကန္တာရထဲသို့ အမဲလိုက်ထွက်သွားခဲ့သည်။

ခြောက်သွေ့သဲထူသော တောရိုင်းမြေတွင် တိရစ္ဆာန်များကို အမဲလိုက်ထွက်ရင်း ဗုဒ္ဓဟူးနေ့ ပျောက်ဆုံးသွားချိန်တွင် တီရှပ်တစ်ထည် ဘောင်းဘီတိုနှင့် ခြေညှပ်ဖိနပ်များကိုသာ ဝတ်ဆင်ထားခဲ့သည်ဟု ရဲကပြောကြားခဲ့သည်။

ဌာနေသား ခြေရာခံသူများ၏ အကူအညီဖြင့် ရဲအရာရှိများက မြေပြင်မှရော ဝေဟင်ကပါ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေခဲ့ရာ နောက်ဆုံး အင်္ဂါနေ့တွင် ရေဓာတ်ခမ်းခြောက်လျှက် ကယောင်ကတမ်းဖြစ်နေသည့် ဖော်ဂါဒီကို တွေ့ရှိခဲ့ကြသည်ဟု ရဲအရာရှိ အန်ဒီ ဂရိတ်ဝုက ပြောကြားခဲ့သည်။

‘သူနောက်ဆုံးနှစ်ရက်အထိ အသက်ရှင်နေနိုင်ခဲ့တာက သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းပြီး ပုရွတ်ဆိတ်အနက်တွေကို စားသောက်နေခဲ့လို့ပဲ။ ဒါ့ကြောင့် ဒီလောက်အထိ အသက်ရှင်နေနိုင်ခဲ့တာ’’ဟု ဂရိတ်ဝုက ဒေသတွင်းရေဒီယိုသို့ ပြောကြားခဲ့သည်။

သြစတြေးလျအနောက်ပိုင်း ရဲတပ်ဖွဲ့မှာ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ရဟတ်ယာဉ်နှင့် မသယ်ဆောင်သွားမီ မုတ်ဆိတ်ဖားဖားနှင့် ဖုန်မှုန့်များလိမ်းကျံနေသည့် ဖော်ဂါဒီက သစ်ပင်အောက်တွင် ကယ်ဆယ်ရေးသမားများကို စကားပြောနေသည်ကို မြင်ကြရသည်ဟု ဆိုသည်။

လမ်းပျောက်သွားသည့် မုဆိုးကို သူပျောက်ဆုံးခဲ့သည့်နေရာမှ ၁၅ကီလိုမီတာ (၉မိုင်)အကွာတွင် တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။

‘သူ အခုကုသမှုခံယူနေပါပြီ။ အခုဆိုရင် ထိုင်ပြီးစကားပြောနိုင်ပြီဆိုတော့ တော်တော်ကောင်းလာပုံပါပဲ’’ဟု ရဲအရာရှိ ဂရိတ်ဝုက ပြောကြားခဲ့သည်။

ပုရွတ်ဆိတ်များနှင့် အခြားအင်းဆက်ပိုးမွှားများမှာ အာဟာရဓာတ်အရင်းမြစ်အဖြစ်လည်း မှီဝဲနိုင်ကြောင်း အသက်ဇီဝကျွမ်းကျင်သူများက ပြောလေ့ရှိခဲ့သော်လည်း ဖော်ဂါဒီတစ်ယောက် ၃၂ဒီဂရီ စင်တီဂရိတ်နှင့်အထက် အလွန်ပူပြင်းသည့်နေရာတွင် အချိန်အကြာကြီး အသက်ရှင်နေနိုင်ခဲ့ခြင်းမှာမူ ထူးခြားဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

‘သူ့ခမျာ ၆ရက်လုံးလုံး ရေဆိုလို့ တစ်ပေါက်တောင် မသောက်ခဲ့ရပါဘူး’’ဟု ဂရိတ်ဝုက ပြောကြားခဲ့သည်။ ဖော်ဂါဒီ၏ ဇနီးဖြစ်သူ အာလင်းကမူ ဖော်ဂါဒီတစ်ယောက် သေကံမရောက် သက်မပျောက်သည့် သတင်းကို ကြားရသည့်အခါတွင် ဝမ်းသာလွန်း၍ ငိုကြွေးလေသည်။

ဂရိတ်သြစတြေးလျသဲကန္တာရမှာ သြစတြေးလျတွင် အကြီးမားဆုံး သဲကန္တာရဖြစ်ပြီး သဲနီတောင်ပို့များ၊ ကျောက်သားလွင်ပြင်များနှင့် ဆားခြောက်ကန်များရှိသော်လည်း ထာဝရမျက်နှာပြင်ရေဟူ၍ မရှိကြောင်း သြစတြေးလျအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly