အင်ဒိုနီးရှား ကူးတို့ရေယာဉ် မီးလောင်မှု ၇ ဦး သေဆုံး

အင်ဒိုနီးရှား ကူးတို့ရေယာဉ် မီးလောင်မှု ၇ ဦး သေဆုံး

သြဂုတ် ၁၈ ။         ။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအနီး ပင်လယ်ပြင်မှာ သြဂုတ် ၁၇ ရက်က ခရီးသည် ဒါဇင်များစွာကို တင်ဆောင်လာတဲ့ ကူးတို့ရေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်လို့ လူ ခုနစ်ဦး ထက်မနည်း သေဆုံးပြီး အခြား လေးဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်နှစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆူလာဝေစီ အရှေ့တောင်ပိုင်းကနေ ဆူလာဝေစီ အလယ်ပိုင်းက ကျွန်းတစ်ခုကို ဦးတည်ထွက်ခွာလာတဲ့ ယင်းရေယာဉ်ဟာ လမ်းခရီးမှာပဲ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ ရုတ်ခြည်းဆိုသလို အင်ဂျင်ဘက်ကနေ မီးပွားတွေ ထွက်လာတယ်၊ ပြီးတော့ မီးက ရေယာဉ်ရဲ့ တစ်ခြားအပိုင်းတွေကို အလျင်အမြန် ကူးစက်ပြန့်နှံ့ခဲ့တာပါ” လို့ ဒေသ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ဂိုးဒင်းဟာ့ဒ်က ပြောပါတယ်။

ဒီဇယ်တိုင်ကီ ပေါက်ကွဲရာကနေ မီးစလောင်ခဲ့တာဖြစ်တယ်လို့ ရဲက သံသယရှိနေပါတယ်။

ယင်း မီးလောင်မှုဖြစ်တဲ့ ရေယာဉ်ပေါ်မှာ ခရီးသည် မည်မျှ လိုက်ပါလာခဲ့သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စာရင်းအရ ၅၀ ဦးလိုက်ပါလာတယ်လို့ ဆိုပေမယ့် ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေကတော့ အသက်ရှင်ကျန်ရစ်သူ ၆၁ ဦးအထိကို ရှာဖွေကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပျောက်ဆုံးနေတယ်ဆိုတဲ့ ခရီးသည် လေးဦးကို ရှာဖွေနေလျက် ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly