ဘီလ်ဘာအိုကို ရှုံးတာက ဘာစီလိုနာအတွက် ကောင်းမွန်လာပါလိမ့်မယ် - ပီကေး

ဘီလ်ဘာအိုကို ရှုံးတာက ဘာစီလိုနာအတွက် ကောင်းမွန်လာပါလိမ့်မယ် - ပီကေး
Photos: EPA

ဘာစီလိုနာနောက်ခံကစားသမား ဂျရတ်ပီကေးက ဘီလ်ဘာအိုအသင်းနဲ့ အရှုံးဟာ ရာသီကုန်မှာ ရှုံးတာထက် ပိုကောင်းပြီး အသင်းအတွက် အကောင်းဖြစ်လာပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ် (၈၉)မိနစ်မှာ အသက် (၃၈)နှစ် အရွယ်ရှိ ဘီလ်ဘာအိုဝါရင့်တိုက်စစ်မှူး အဒူရစ်ဇ်ရဲ့ bicyle ကန်ချက်နဲ့အတူ အိမ်ရှင်အသင်းက (၃)မှတ်အပြည့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုနဲ့ပွဲမှာ ဆွာရက်ဇ်၊ ရာဖင်ဟာတိုရဲ့ ကန်ချက်တွေ တိုင်ထိပြီး ဂိုးကံခေခဲ့သလို အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီမပါဝင်တဲ့ တိုက်စစ်ကလည်း ဆိုးရွားခဲ့ပြန်ပါတယ်။

"ကျနော်တို့ဟာ အရမ်းခက်ခဲတဲ့ ကွင်းမှာ ကစားခဲ့တယ်ဆိုတာ သိထားပါတယ်။ သူတို့ အစပိုင်းခဏမှာ ကျနော်တို့ကို ဖိကစားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအရ သူတို့က ပိုကောင်းခဲ့ပါတယ်။ နောက်ပြီး ကျနော်တို့က ပုံမှန်အနေအထားမှာ ရှိမနေပါဘူး။"လို့ ပီကေးက ပြောပါတယ်။

"ရှုံးနိမ့်ခဲ့တဲ့က ကျနော်တို့အတွက် ကောင်းမွန်ပါတယ်။ အခုရှုံးတာက ရာသီကုန်မှာ ရှုံးတာထက် ပိုကောင်းပါတယ်။ ကျနော်တို့က ရာသီကြိုကနေ ပြန်လာနေတာဖြစ်သလို ကစားသမားသစ်တွေလည်း ရှိနေပါတယ်။"

"ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း သူတို့က ကျနော်တို့ကို ဖိအားအများကြီးပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့က သူတို့ရဲ့ ကွင်းတစ်ဝက်ခြမ်းမှာ ပိုရှိခဲ့ပြီး ကျနော်တို့ ပွဲကို ထိန်းချုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေက အသေးစိတ်အချက်အလက်တွေဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့ထဲက တစ်ယောက်က ကျနော်တို့ကို အဆုံးသတ်သွားခဲ့ပါတယ်။"

ဘီလ်ဘာအိုအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ အဒူရစ်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီပြီးဆုံးခဲ့ရင် နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့တဲ့ လာလီဂါကစားသမားဘဝကနေ အနားယူတော့မှာဖြစ်သလို ၂၀၁၃ ခုနှစ်နောက်ပိုင်း လာလီဂါပွဲစဉ်တွေမှာ ဘာစီလိုနာကို ပထမဆုံးအနိုင်ရရှိခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly