အင်ဒိုနီးရှား မြို့တော်ရွှေ့ပြောင်းမှု သမ္မတ ဝီဒိုဒို တရားဝင် အဆိုပြု

အင်ဒိုနီးရှား မြို့တော်ရွှေ့ပြောင်းမှု သမ္မတ ဝီဒိုဒို တရားဝင် အဆိုပြု

ဂျကာတာ၊ သြဂုတ် ၁၇ ။           ။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျကာတာမြို့တော်ဟာ မြေအောက် နိမ့်ဆင်းလျက် ရှိပြီး လူဦးရေထူထပ်တဲ့ ပြဿနာတွေကြောင့် နိုင်ငံရဲ့ မြို့တော်ကို ဘော်နီယိုကျွန်းဆီ ရွှေ့ပြောင်းမှာဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက သောကြာနေ့မှာ တရားဝင်အဆိုပြုလာပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၄ မြောက် လွတ်လပ်ရေးနေ့အကြို လွှတ်တော်သို့ ရုပ်မြင်သံကြားမှ နိုင်ငံတော် မိန့်ခွန်းပြောကြားရာမှာ နိုင်ငံရဲ့ မြို့တော်ကို ဘော်နီယိုကျွန်းက ကာလီမန်တန်ဆီ ရွှေ့ပြောင်းမယ်လို့ သမ္မတက တရားဝင်အဆိုပြု ပြောလာတာပါ။

မြို့တော်ဆိုတာ အမျိုးသားရေး သင်္ကေတဖြစ်ရုံမက နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကိုပါ ကိုယ်စားပြုပြီး စီးပွားရေး အရည်အသွေး တောက်ပနေရမှာ ဖြစ်တယ်လို့ ဝီဒိုဒိုက ပြောပါတယ်။

ခုလို မြို့တော်ကို ဘော်နီယိုကျွန်းဆီ ရွှေ့ပြောင်းမယ့် အချိန်ကို သမ္မတ ဝီဒိုဒိုက အတိအကျ မပြောပေမယ့် အစောပိုင်းမှာ အစိုးရဟာ မြို့တော်ရွှေ့ပြောင်းမှု ပထမသုတ်ကို ၂၀၂၄ မှာ စတင်မယ်လို့ ပြောထားပါတယ်။
အင်ဒိုနီးရှားရဲ့ ဂျကာတာမြို့တော်ဟာ ကမ္ဘာပေါ်မှာ မြေကြီးထဲ အရှိန်မြန်မြန် ကျွံဝင်နစ်ဆင်းနေတဲ့ မြို့တွေထဲက တစ်မြို့ပဲ ဖြစ်ပါတယ်။

ဂျကာတာ မြို့တော်ကို မြေအောက် ကျွံဆင်းနေတဲ့ နှုန်းဟာ လက်ရှိ နှုန်းအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ၂၀၅၀ မှာ မြို့ရဲ့ သုံးပုံတစ်ပုံ မြေထဲ နစ်မြုပ်သွားတော့မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဆယ်စုနှစ်တွေကြာ အထိန်းအချုပ် မရှိ မြေအောက်ရေ အလွန်အကျွံ ထုတ်လုပ်မှုတွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေခြင်းနဲ့ ရာသီ မမှန်တဲ့ ဖြစ်စဉ်တွေ အဖြစ်များလာခြင်းကြောင့် ဂျကာတာမြို့တော််ဟာ မြေအောက် ကျွံဆင်းနေလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly