ကက်ရှ်မီးယားမှာ ဆန္ဒပြသူ ရာပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ကက်ရှ်မီးယားမှာ ဆန္ဒပြသူ ရာပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ကက်ရှ်မီးယား၊ သြဂုတ် ၁၇ ။        ။ အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားမှာ ဆန္ဒပြသူ ရာပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့ဟာ သောကြာနေ့က ထိပ်တိုက်တွေ့ကြပါတယ်။

၁၂ ရက်ကြာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကို ပြန်လည်ပြီး ဖုန်းလိုင်းတွေ ပြန်ဖွင့်ပေးမယ်လို့ အိန္ဒိယက ကြေညာခဲ့အပြီးမှာပဲ ထိပ်တိုက်တွေ့မှု ပေါ်ပေါက်တာပါ။

အိန္ဒိယအစိုးရက ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အထူးအုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့ သြဂုတ် ပထမပတ်ကစတင်ပြီး မွတ်စလင်လူများစု မြောက်ပိုင်းဒေသကို ပိတ်ဆို့ထားတာဖြစ်ပြီး ဆန္ဒပြမှုတွေနဲ့ မတည်ငြိမ်မှုတွေအတွက် ဗဟိုအစိုးရအနေနဲ့ စိုးရိမ်ပူပန်နေရတာလည်း ဖြစ်ပါတယ်။

သောကြာနေ့မှာတော့ မွတ်စလင်ဝတ်ပြုပွဲအပြီး ဆရီနာဂါမြို့က မိန်းလမ်းမကြီးပေါ် စုရုံးချီတက်ဖို့ လုပ်ဆောင်တဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲပါတယ်။

ဆန္ဒပြသူတွေကလည်း ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပြီး စျေးဆိုင်ဆိုင်းဘုတ်တွေကို ကာဒိုင်းတွေသဖွယ် အကာအကွယ် ယူကြပါတယ်။ ရဲတပ်ဖွဲ့ဖက်က အချက်ပေါင်းများစွာ ပစ်ခတ်ပေမယ့် ဒီ ထိတိုက်တွေ့မှုမှာ ဒဏ်ရာရသူ သတင်းမကြားသိရပါ။

“ကျွန်တော်တို့က မြို့လယ်ကို ချီတက်ဖို့ပါ။ ဒါပေမယ့် ရဲက အင်အားသုံးပြီး ဖြိုခွင်းတာဖြစ်တယ်။”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

ကက်ရှ်မီးယားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ ဥပဒေကို အိန္ဒိယဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်သိမ်းလိုက်ပြီးနောက်မှာ ဒေသတွင်း မငြိမ်မသက်ဖြစ်နေပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly