ကရင့်အာဇာနည်နေ့ ကျင်းပမှုကြောင့် ငြိမ်းစုစီဥပဒေဖြင့် နော်အုန်းလှကိုအမှုဖွင့်ထား

ကရင့်အာဇာနည်နေ့ ကျင်းပမှုကြောင့် ငြိမ်းစုစီဥပဒေဖြင့် နော်အုန်းလှကိုအမှုဖွင့်ထား

ရန်ကုန် ၊ သြဂုတ် ၁၆ ။              ။ ဆူးလေမဟာဗန္ဓုလပန်းခြံရှေ့၌ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ပွဲစီစဉ်ကျင်းပသူ ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌနော်အုန်းလှ အပါအဝင် သုံးဦးအားကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားသည်။

“မနေ့ကသြဂုတ်လ ၁၅ ရက်နေ့ ညနေမှာကျောက်တံတားရဲစခန်းမှူးကလှမ်းခေါ်တယ်။ အဲ့ဒီအခါကျတော့ အန်တီခရီးသွားစရာတစ်ခုရှိလို့ ၂၁ ရက်နေ့မှ လာမယ်ဆိုပြီးပြောတော့ စခန်းမှူးကမရဘူးလို့ ပြောတယ်။ အဲ့တော့ အန်တီလည်းမလာဘူးလို့ ပြန်ပြောလိုက်တယ်” ဟုနော်အုန်းလှကဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့ကကျရောက်ခဲ့သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို မဟာ ဗန္ဓုလပန်းခြံရှေ့ရှိ ကားရပ်နားရာနေရာတွင် ကျင်းပခဲ့ခြင်းကြောင့် အမှုဖွင့်ခံရခြင်းလည်းဖြစ်သည်။
သို့သော်လည်း ငြိမ်းစုစီဥပဒေအရ ကြိုတင် အကြောင်းကြားပြီးမှသာ ပြုလုပ်ခဲ့ပြီးယခုလိုအမှုဖွင့်ခြင်းသည် ကရင့်အာဇာနည်နေ့ဆိုသည့် စကားလုံးသုံးနှုန်းမှုအား အကြောင်းရှာကာ ပြုလုပ်ခြင်းဖြစ်သည်ဟု အမှုဖွင့်ခံထားရသူနော်အုန်းလှကမဇ္စျိမသို့ပြောသည်။

“၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ ဆိုတဲ့စာသားအစားတခြားစာသားသုံးပေါ့ပြောတယ်။ အန်တီ လက်မခံခဲ့ဘူး။ အခုကျတော့ အမှုဖွင့်တာကအဲ့ဒါကိုရမယ်ရှာတာလို့ မြင်တယ်” ဟုနော်အုန်းလှကဆိုသည်။
ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ကို အထိမ်းအမှတ်ပြုလုပ်ပြီး နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ကိုကရင့်အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသား များက သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အဆိုပါအခမ်းအနားကို ပြုလုပ်ရာတွင် ကရင့်အာဇာနည်နေ့ ဆိုသည့် စကားလုံးအားသုံးစွဲခြင်းမပြုရန် တားမြစ်မှုများလည်းရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly