ငှက်အုပ်နဲ့ တိုက်တဲ့ ခရီးသည်တင်လေယာဉ်ကို ပြောင်းခင်းထဲ အရေးပေါ်ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်းမှူးကို သူရဲကောင်းအဖြစ် ရုရှား ချီးမွှမ်း

ငှက်အုပ်နဲ့ တိုက်တဲ့ ခရီးသည်တင်လေယာဉ်ကို ပြောင်းခင်းထဲ အရေးပေါ်ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်းမှူးကို သူရဲကောင်းအဖြစ် ရုရှား ချီးမွှမ်း

မော်စကို၊ သြဂုတ် ၁၅ ။           ။ ရုရှားနိုင်ငံမှာ လူ ၂၃၀ ကျော် တင်ဆောင်လာတဲ့ Airbus လေယာဉ်တစ်စင်း ငှက်အုပ်နဲ့ တိုက်မိရာမှ မော်စကိုက ပြောင်းခင်းတစ်ခင်းထဲ အရေးပေါ်ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးကို သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုကြပါတယ်။

Ural လေကြောင်းလိုင်းက Airbus 321 လေယာဉ်ဟာ ခရီးသည် ၂၃၃ ဦးကို တင်ဆောင်ပြီး ခရိုင်းမီးယားဆီ ဦးတည်စဉ် မော်စကို ဇူကော့ဗစကီလေဆိပ်က ကြာသပတေးနေ့ နံနက်ပိုင်းမှာ ပျံတက်သွားပြီး အချိန်တိုအတွင်းမှာပဲ စင်ရော်ငှက်အုပ်နဲ့ ဝင်တိုက်တာ ဖြစ်ကြောင်း ရိုဆာဗီယက်ဆီးယား လေကြောင်းသယ်ယူပို့ဆောင်ရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ငှက်တွေဟာ အင်ဂျင်ထဲထိ ဝင်ရောက်တာကြောင့် လေယာဉ်မှူးအနေနဲ့ ဇူကောဗစကီ နိုင်ငံတကာလေဆိပ်ကနေ တစ်ကီလိုမီတာလောက်ပဲ ကွာဝေးတဲ့ ပြောင်းခင်းထဲ ဆင်းသက်ခဲ့ရတာဖြစ်တယ်လို့ အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဒီလို ဆင်းသက်ရာမှာ ဂီယာကို ပြန်နုတ်ပြီး အင်ဂျင်စက်သတ်ကာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

“အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ အင်ဂျင်နှစ်လုံးစလုံးထဲကို ငှက်တွေ ဝင်ကုန်ကျလို့ အင်ဂျင်ရပ်သွားတယ်။ ဒါကြောင့် ဆင်းသက်လိုက်တာပဲ ဖြစ်တယ်။”လို့ Ural လေကြောင်းလိုင်း ညွှန်ကြားရေးမှူးချုပ် ဆာဂျေးဆကူရာတော့ဗ်က ပြောကြောင်း TASS သတင်းဌာနက ကိုးကားဖော်ပြပါတယ်။

ခရီးသည် ၂၂၆ ဦးနဲ့ အမှုထမ်း ခုနစ်ဦး လိုက်ပါခဲ့တဲ့ ဒီ လေယာဉ်ကို မီးလောင်မှု မဖြစ်အောင် ကာကွယ်လုပ်ဆောင်ခဲ့ပြီး တစ်ချို့ခရီးသည်တွေကို ဆေးရုံတင်ပို့ခဲ့ကာ ကျန်သူတွေကိုတော့ လေဆိပ်ဆီ ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံတင်ပို့ထားသူမှာ ကလေး ကိုးဦးအပါအဝင် ၂၃ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

“စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်သွားတာ။ ကျွန်တော်တို့ ပျံတက်တယ်။ ခဏချင်းပဲ ဆင်းသက်လိုက်ရတော့တယ်။”လို့ ခရီးသည်တစ်ဦးဖြစ်တဲ့ အီရီနာအူဆာချီဗာက နိုင်ငံပိုင်ရုပ်သံ Rossiya 24 သတင်းဌာနကို ပြောပါတယ်။
“အားလုံး အသက် ရှင်ခဲ့တယ်။ လေယာဉ်မှူးက တကယ့် ပါရမီရှင်ပါပဲ။”လို့ အခြားခရီးသည် အိုလဂါက ပြောရင်း ခုလို ဆင်းသက်လိုက်နိုင်အပြီးမှာ အားလုံးဟာ လက်ခုပ်လက်ဝါးတီ အားပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဆုံးဖြတ်ချက် လျင်မြန်ပြတ်သားတာအတွက် ချီးကျူးခံရတဲ့ လေယာဉ်မှူးက အသက် ၄၁ နှစ်အရွယ်ရှိ ဒါမီယာယူဆူပေါ့ဗ်ဖြစ်ကြောင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

“သူနဲ့ သူအဖွဲ့ဟာ အသက်ပေါင်း ၂၃၃ ချောင်းကို ကယ်တင်လိုက်တယ်။ သူဟာ အဲဒီလူတွေအတွက် သူရဲကောင်းပဲ။”လို့ တာဝန်ရှိသူတစ်ဦးကလည်း ဆိုပါတယ်။ အစိုးရပြောခွင့်ရသူ ဒီမီထရီပီစကော့ဗ်ကလည်း “သူရဲကောင်း လေယာဉ်မှူး”ဆိုပြီး ဂုဏ်ပြုချီမွှမ်းခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly