မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့

မန္တလေး ၊ သြဂုတ် ၁၅ ။        ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၉ ဦး၊ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၃ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို မြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတား၊ ရဲကင်းစခန်းအပါအဝင် စုစုပေါင်းနေရာငါးနေရာကို ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့တစ်ပတ်လောက်က ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေတဲ့စခန်းတစ်ခုကို ဖမ်းဆီးခဲ့တာ ရှိတယ်။ မူးယစ်ဆေးတန်နဲ့ချီပြီးမိတယ်။ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေရော မိခဲ့တယ်။ အဲဒီကိစ္စကြောင့် အခုလို တိုက်ခိုက်တာလို့ လတ်တလောမှာ သုံးသပ်ထားပါတယ်။"ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို အတည်ပြုပြောသည်။

ပြင်ဦးလွင်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး နောင်ချိုမြို့အဝင်ရှိ မူးယစ်စစ်ဆေးရေး စခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် တပ်မတော်သားနှစ်ဦး၊ အရပ်သားတစ်ဦး၊ ဂုတ်တွင်း ရဲကင်းစခန်းတိုက်ပွဲတွင် တပ်မတော်အရာရှိတစ်ဦး၊ အခြားအဆင့် ၆ ဦး၊ ရဲအုပ်တစ်ဦး၊ အခြားအဆင့်နှစ်ဦးအပါအဝင် အရပ်သား ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့သည်ဟု ၎င်းနေရာတွင် လုံခြုံရေးယူထားသည့် ရဲမှူးတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့မှုအပေါ် မကျေနပ်၍ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် ပြင်ဦးလွင်မြို့နယ်၌ နယ်မြေလုံခြုံရေးကို ပြန်လည်ထိန်းချုပ်ထားပြီး၊ နောင်ချိုမြို့တွင်လည်း လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိ နောင်ချိုမြို့၏ အခြေအနေမှာ တစ်မြို့လုံး တိတ်ဆိတ်လျှက်ရှိပြီး စျေးဆိုင်များလည်း ပိတ်ထားကြောင်း တွေ့ရှိရသည်။ထို့အပြင် ဂုတ်တွင်းတံတားပျက်စီးမှုကြောင့် လမ်းများပိတ်ကာ နောင်ချိုဘက်ခြမ်းနှင့် ကျောက်မဲ ဘက်ခြမ်းတွင် ကားများပိတ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required