ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေဖြန့်ချိမှုများကို အရေးယူသွားမည်

ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေဖြန့်ချိမှုများကို အရေးယူသွားမည်

ရန်ကုန်၊ သြဂုတ် ၁၅ ရက်၊ ။         ။ စာပေရေးသားထုတ်ဝေသူများ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေဖြန့်ချိမှုများ အပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးမင်းမင်းဇော်က မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း အရမ်းတိုးလာရင်တော့ ဥပဒေကြောင်းအရ အရေးယူဖို့ပါ။ လွှတ်တော် အဖွဲ့ အစည်းကသူတွေရော၊ ရှေ့နေတွေရောနဲ့ ကျွန်တော်တို့ တိုင်ပင်ထားပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ အဲ့ဒါကို အစည်းဝေးထပ်မထိုင်ရသေးဘူး။ အစည်းအဝေးထိုင်ပြီးရင်တော့ ထပ်လွန်လာတာ တွေကို အရေးယူဖို့ ကျွန်တော်တို့ တစ်ခါတည်း လုပ်ဆောင်သွားမှာပါ” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လက တရားဝင်ခွင့်ပြုချက် မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေများကို ဖြန့်ဖြူးထုတ်ဝေနေသည့် လူမှုကွန်ယက်အကောင့်များကို ထုတ်ပြန်ပြီး သတိပေးခဲ့သည်။ ထိုသို့ လမ်းလှမ်းမီသလောက် ထုတ်ပြန်ထားခဲ့သည့် အဆိုပါစာရင်းတွင် တရားမဝင်ဖြန့်ဖြူးထုတ်ဝေသည့် အကောင့်ပေါင်း ၁၈၂ ခုရှိသည်ကို တွေ့ရသည်။

“ဂရုမစိုက်ခြင်းအနုပညာလိုဟာမျိုးပေါ့။ ထွက်ပြီးတာတောင် ဘယ်လောက်မှ မကြာဘူး။ PDF တို့ဘာတို့နဲ့ ဖြန့်နေကြပြီလေ။ အဲ့ဒါမျိုးကျတော့ ထုတ်တဲ့သူလည်း နစ်နာတယ်။ စာရေးသူလည်း နစ်နာတယ်။ အဲ့တာတွေ တားပေးဖို့ တစ်ချို့က တောင်းဆိုထားပါတယ်။ တရားစာပေတွေ၊ ဓမ္မကျမ်းတွေ၊ အဟောင်းတွေကို မရည်ရွယ် ပါဘူး။ အခု Current ဖြစ်နေတာတွေ ဆက်မလုပ်ဖို့ပါ။ တစ်ချို့သူတွေက ဒီဟာကို သိပ်နားမလည်လို့ တင် လိုက် တာ။ သူများဖတ်လို့ရအောင် ဖြန့်ပေးတယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် အဲ့ဒါက မလုပ်သင့်ဘူးဆိုတာ သိအောင်ပါ” ဟု ဦးမင်းမင်းဇော်က ပြောသည်။

Online Webpage များ၊ Facebook Page၊ Account၊ Group များတွင် စာအုပ်များကို ဒေါင်းလုပ်ရယူနိုင်သည့် eBook Link များတင်ခြင်း၊ Memory Stick များတွင် E-pub၊ PDF ဖိုင်များကို အခမဲ့သော်လည်းကောင်း၊ အခပေးစနစ်ဖြင့်သော်လည်းကောင်း ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေမှုများကြောင့် စာအုပ်ထုတ်ဝေရေးလောက ကျဆင်းနေရပြီး ၄င်းအပေါ် အီလက်ထရောနစ်ဥပဒေ၊ မူပိုင်ခွင့်ချိုးဖောက်မှုနည်းပဒေများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly