တောင်ဒဂုံ ၁၄၀ ရပ်ကွက်တွင် ပိုက်ဆံပြဲကြောင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

တောင်ဒဂုံ ၁၄၀ ရပ်ကွက်တွင် ပိုက်ဆံပြဲကြောင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ်လ၁၅ ။          ။ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၄၀ ရပ်ကွက်၊ မဂ္ဂင်လမ်းပေါ်ရှိ နေအိမ်တစ်ခုတွင် သူငယ်ချင်းနှစ်ဦး ပိုက်ဆံလုပြီး ပိုက်ဆံပြဲရာမှတဆင့် စကားများကာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့ ညနက်ပိုင်းက သူရမင်းနိုင် ဆိုသူသည် ၁၄၀ ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ ချစ်ကိုကို တို့ အိမ်တွင် ပိုက်ဆံစုတ်ပြဲသည့်ကိစ္စအတွက် စကားများကြပြီး ချစ်ကိုကိုမှ အနီးရှိ ဓားဖြင့် သူရမင်းနိုင် ၏ ဝမ်းဗိုက်ကို ထိုးသွင်းခဲ့သဖြင့် သူရမင်းနိုင်မှာ ဓားဒဏ်ရာနှင့်အတူ မိဘများရှိသော သိန်းတစ်ရာလမ်းမပေါ်ရှိ ဂရိတ်ဝမ်းလက်ဖက်ရည်ဆိုင်သို့ ထွက်ပြေးခဲ့သည်။

ထိုသို့ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာရရှိခဲ့သည့် သူရမင်းနိုင်ကို ညီဖြစ်သူက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင် ကုသရာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဓားဒဏ်ရာဖြင့်  သေဆုံးခဲ့ကြောင်း သိရသည်။

"သူလက်ဖက်ရည်ဆိုင်ကို ဝင်လာတဲ့အချိန်မှာ ထိုးခံထားရတဲ့ဒဏ်ရာကို လက်နဲ့ဖိပြီးတော့ ဝင်လာတယ်။ ချစ်ကို က သူ့ကို ဓားနဲ့ထိုးတယ်လို့ ပြောတယ်။ပထမတော့မယုံဘူး။ သူ လက်လည်း ဖယ်လိုက်ရော အင်္ကျီမှာ ဓား ပေါက် ဒဏ်ရာကြီးနဲ့ ဗိုက်လည်းလှန်လည်းကြည့်ရော အူတွေကအစ ထွက်နေတယ် " ဟု သေဆုံးသူ သူရမင်းနိုင်၏ ညီ ဖြစ်သူ ညီညီမင်းဌေး က မဇ္စျိမသတင်းဌာန ကိုဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့်ထိုးခဲ့သော ချစ်ကိုသည် သြဂုတ်လ ၁၄ ရက်နေ့ ကတည်းက ထွက်ပြေးတိမ်းရှောင် နေပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သဖြင့် ဒဂုံတောင်မြို့မ ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Mizzima Weekly