ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဥပဒေကို လေးစားလိုက်နာခြင်းမရှိဟု ပြည်ခိုင်ဖြိုးအမတ် ပြော

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဥပဒေကို လေးစားလိုက်နာခြင်းမရှိဟု ပြည်ခိုင်ဖြိုးအမတ် ပြော

နေပြည်တော်၊ သြဂုတ် ၁၅၊ ။        ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ဥပဒေကို လေးစားလိုက်နာခြင်း မရှိကြောင်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက သြဂုတ် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများကိုပြောသည်။

ဒေါက်တာ မောင်သင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏  သဘောထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားရာတွင် အဆိုပါ ၄၅ ဦးကော်မတီက ဆက်လက်ဆောင်ရွက်မည့် ဥပဒေမူကြမ်း ရေးဆွဲရေးမှာ တစ်ပေါင်းတည်း ထည့်သွင်းဆောင်ရွက်ရန် ပြောခဲ့ခြင်းကြောင့် ဖြစ်သည်။

 “သူတို့က အခုမှ အချက်အလက်ရှာတုန်း၊ အန်ကယ်တို့က မူကြမ်းကြီး ထွက်နေပြီ၊ ဒီ နှစ်ခုကို သွားပေါင်းတယ် ဆိုတော့ စဉ်းစားကြည့်လေ၊ အန်ကယ်တို့အဆင့်က မူကြမ်း အဆင့်၊ သူတို့က အချက်အလက် ရှာတဲ့အဆင့် ဆိုတော့ ဘယ်လိုမှကို ဘာမှ မဖြစ်သေးဘူး။ ဒီနှစ်ခုကို မတူတာ နှစ်ခုကို ဘာလို့သွားပေါင်းတာလဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။

 ယင်း ဥပဒေမူကြမ်းကို ပုဒ်မ ၄၃၃ အရ ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကာ ၂၀ ရာခိုင်နှုန်းက လက်မှတ် ရေးထိုးထားပြီး တင်ထားခြင်း ဖြစ်သည်။

တင်သွင်းခဲ့သည့် ဥပဒေကြမ်းတွင်  သမ္မတလုပ်ပိုင်ခွင့်နှင့်သက်ဆိုင်သည့် အချက် နှစ်ချက်၊ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သည့် အချက် တစ်ချက်အပြင် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄ ခုတို့ ပြင််ဆင်ချက်များ ပါရှိကြောင်း သိရသည်။

“အခုက လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းထားတာကို ပွင့်ပွင့်လင်းလင်းကြီး ဆန့်ကျင်နေတဲ့ သဘော ဖြစ်တယ်။ အန်ကယ်အမြင်ကတော့ Law Maker က ဘာဖြစ်လို့ ဒီ စဝင်ကတည်း အန်ကယ်တို့ ကတိသစ္စာပြုထားတဲ့ဟာကို ဘာဖြစ်လို့ တရားဝင် ပွင့်ပွင့်လင်းလင်း ကြီး မလိုက်နာတာလဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၅ မှာက ရှင်းတယ်။ ၂၀ ရာခိုင်နှုန်းက တင်လာရင် တာဝန်ယူစိစစ်မယ့် လွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပြောထားတယ်။ အတိအလင်းပဲ” ဟု ဒေါက်တာမောင်သင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly