Ramon Gonzales က ၎င်းဘဝကို အပြောင်းအလဲဖြစ်စေခဲ့သည့် နိုင်ပွဲဆက် စံချိန်ထိန်းထားနိုင်ရန် ရည်ရွယ်ထား

Ramon Gonzales က ၎င်းဘဝကို အပြောင်းအလဲဖြစ်စေခဲ့သည့် နိုင်ပွဲဆက် စံချိန်ထိန်းထားနိုင်ရန် ရည်ရွယ်ထား

ONE Championship စတောဝိတ်တန်း၌ အံ့အားသင့်ဖွယ် အကောင်းဆုံး ရလဒ်များတွင် တစ်ခုအပါအဝင်အဖြစ် Ramon “The Bicolano” Gonzales သည် အောင်မြင်မှုများကို တည်ငြိမ်စွာ တည်ဆောက်နေသည်။

ဖိလစ်ပိုင် Kyokushin ကရာတေးချန်ပီယံ Ramon သည် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သော အခြေအနေမှ ပြန်လည်ရုန်းထွက်နိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားခဲ့ရာ ပြီးခဲ့သော ဧပြီလအတွင်းက ONE Championship ပြိုင်ပွဲကြီးတွင် ပြိုင်ဘက် Akihiro Fujisawa ကို ချုပ်ကွက်ဖြင့် ပွဲချိန် ၇၉ စက္ကန့်အတွင်း ထူးခြားပြောင်မြောက်စွာဖြင့် အနိုင်ရထားသည်။ အဆိုပါ ပြိုင်ပွဲ အနိုင်ရရှိမှုသည် ၎င်းအတွက် သုံးပွဲဆက်တိုက်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လာမည့်သောကြာနေ့ သြဂုတ်လ ၁၆ရက်တွင် ၄င်း၏ နိုင်ပွဲဆက်စံချိန်ကို တိုးမြှင့်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး ONE: DREAMS OF GOLD ပြိုင်ပွဲ၌ “The Wolf of the Grasslands” Hexigetu နှင့် ထိုးသတ်ရမည်ဖြစ်ကာ အနိုင်ရရှိမည်ဟုလည်း Ramon က ယုံကြည်လျက်ရှိနေသည်။

“ အခုအခွင့်အလမ်းသစ်အတွက် သိပ်ကို ပျော်ရွှင်မိတယ်။ စိတ်လှုပ်ရှားမိတယ်။ ထိုးသတ်ခွင့်ရတဲ့ ပွဲတိုင်းကို တန်ဖိုးထားပြီး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ” ဟု Ramon က ဆိုသည်။

 “ ကျွန်တော့် လေ့ကျင့်ရေးပိုင်းမှာ သိပ်ကို အဆင်ပြေနေပါတယ်။ Kyokushin ကလည်း ကျွန်တော့်ကို ကူညီပေးဖို့ အသင့်ပဲ။ မြေပြင်နည်းစနစ်  စွမ်းရည်တွေနဲ့ ထိုးနှက်မှုပိုင်းကို ကျွန်တော်တို ့လေ့ကျင့်တယ်။ ပြိုင်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် နေ့တိုင်းလေ့ကျင့်နေပါတယ်”

“ နိုင်ပွဲဆက်တာက ကျွန်တော့်ကို ယုံကြည်မှု မြင့်မားလာအောင် အကူအညီ ဖြစ်စေပါတယ်။ ဒါ့ထက်ပိုပြီး ပြောနိုင်တာကတော့ ပိုပြီးအောင် မြင်မှုရတဲ့သူ ဖြစ်လာစေဖို့ ကြိုးစားနေပါတယ်။ လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ONE Championship ပြိုင်ပွဲကြီးတွင် ပါကစ္စတန်မှ Ovais Shah ကို အမှတ်ဖြင့် တစ်ကြိမ်သာ အနိုင်ရရှိသေးသော်လည်း Hexigetu သည် ဤပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ချက်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပမည့်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။  

မည်သို့ပင်ဖြစ်စေ Ramon သည်  တရုတ်အားကစားသမား Hexigetu ၏ နပမ်းစွမ်းရည်ကို ထိန်းချုပ်အနိုင်ယူနိုင်မည်ဟု ယုံကြည် နေသည်။

 “Hexigetu နဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့နေရမှာ ဇွဲသတ္တိ၊ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ အာရုံစူးစိုက်မှုတွေ မရှိမဖြစ်လိုအပ်ပါတယ်” ဟု ၄င်းက ဆိုသည်။

 “ ကျွန်တော့်ကို ယုံကြည်နေတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော့်ကို ယုံကြည်ပေးနေတဲ့အတွက် အနိုင်ရရမယ်။”

အသက် ၃၂နှစ်အရွယ်အားကစားသမား Ramon သည် မကြာမီက ရရှိထားသည့် အောင်မြင်မှုများကြောင့် အပြုသဘောဆောင်သည့် အတွေးအခေါ်ဖြင့် ပြည့်နှက်နေသည်။ ယင်းအောင်မြင်မှုများက ၎င်း၏ ဘဝကို ငွေကြေးနှင့် ကိုယ်ရေးကိုယ်တာပိုင်း၌ တိုးတက်မှုရရှိ စေခဲ့သည်။

Ramon သည် ONE Championship တွင် ပြိုင်ပွဲမဝင်မီက မိသားစုစားဝတ်နေရေးအတွက် များစွာရုန်းကန်နေခဲ့ရသည်။ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သော်လည်း  ဘဝအတွက် တည်ငြိမ်မှု မရရှိနိုင်ခဲ့ပေ။

“ ငွေကြေးပိုင်းအရ ကျွန်တော့်ကို အများကြီး အထောက်အပံ့ဖြစ်စေခဲ့တယ်။ တံငါသည်ကစပြီး လုံခြုံရေးအထိ ကျွန်တော်အလုပ်အများ ကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ခံပညာအားကစားကြောင့် ကျွန်တော် ဒီနေ့ ဒီအချိန် အခုလို ရပ်တည်နေနိုင်တာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

 “ အခု ကျွန်တော့်မိသားစုကို ကူညီပေးနိုင်ပါပြီ။ နေ့စဉ်လိုအပ်ချက်တွေကိုလည်း အဆင်ပြေအောင်စီမံနိုင်ပြီ။ ဒါကြောင့်လည်း ကျွန်တော့် စိတ်ဓာတ်တွေ ခိုင်မာလာတယ်လို့ ယူဆမိပါတယ်။”

 “ ONE မှာ ပါဝင်လာလို့ ကျွန်တော့်အနေနဲ့ ကြုံရသမျှ အရာတိုင်းမှာ အသိအမှတ်ပြုခံလာရတယ်။ လူတိုင်းတော့ ONE မှာ ပါဝင်ဖို့အတွက် အခွင့်အလမ်းရမှာ မဟုတ်ဘူးလို့ ကျွန်တော်သိထားပါတယ်”

“The Bicolano” သည် ကိုယ်ခံပညာ အားကစားသမား ဘဝကြောင့် အကျိုးဖြစ်ထွန်းမှု များစွာရရှိခဲ့သည်ဖြစ်၍ ၎င်း၏ ကိုယ်ခံပညာ အားကစားနယ်ပယ်မှ လူငယ်လူရွယ်များအတွက်လည်း ပြန်လည်ပံ့ပိုးမှုများ လုပ်ဆောင်ရန် အလွန်စိတ်အားထက်သန်နေသည်။

၎င်းသည် Kyokushin ကာရာတေးသင်တန်းကျောင်း၌ ကျောင်းသားအဖြစ် နေထိုင်ခဲ့ဖူးပြီး ထက်မြက်သော နည်းပြများမှ Ramon ကို အားကစားသမားတစ်ဦးအဖြစ် ပုံသွင်းပေးခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် Ramon သည် လူငယ်ပြိုင်ပွဲဝင်များနှင့်အတူ အားကစားရုံတွင် လေ့ကျင့်လျက်ရှိသည်။ ၎င်း၏ ခြေရာကို နောက်ထပ် လူငယ်များနင်းလိုက်ပြီး အောင်မြင်စေရန် Ramon မျှော်လင့်နေသည်။

“ အခု  ကျွန်တော် ကျောင်းသားတွေကို လေ့ကျင့်ပေးနေပါတယ်။ အားကစားအပေါ်မှာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားတဲ့ သူတွေဖြစ်စေဖို့ ကျွန်တော်သူတို့ကို အားပေးတိုက်တွန်းနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရှုံးနိမ့်မှုနှင့် တွေ့ကြုံရသော်လည်း ၎င်း၏ အိပ်မက်ကို လက်မလျှော့ခဲ့ဘဲ ဆက်လက်လေ့ကျင့်မြဲ လေ့ကျင့်ခဲ့သည်။ စွမ်းရည်များ တိုးတက်မှု ရှိအောင် လုပ်ဆောင်ခဲ့သည်။ ရရှိလာမည့် အခွင့်အလမ်းကို လက်မလွှတ်စတမ်း ဖမ်းဆုပ်နိုင်အောင် ကြိုးစားအသင့်ပြင်ဆင်နေခဲ့သည်။

Ramon သည် ၎င်း၏ နည်းပြများ၊ လေ့ကျင့်ဖော်များနှင့် အခြားနီးစပ်သူများ၏ ထောက်ခံအားပေးမှုမှ တစ်ဆင့် ၎င်း၏ စိတ်အတွင်းမှ စွမ်းအားကို သိမြင်နိုင်ခဲ့ပြီး အောင်မြင်မှုဆီ လျှောက်လှမ်းခဲ့သည်။

 Ramon Gonzales သည် ONE: ROOTS OF HONOR ပြိုင်ပွဲကြီးတွင် ပြိုင်ဘက် Akihiro Fujisawa ကို လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။

“ ရှုံးနိမ့်မှုကြောင့် ကျွန်တော်က ပိုပြီး ကြိုးစားလေ့ကျင့်သူဖြစ်လာခဲ့တယ်။ ဘယ်သူမှ ကျွန်တော့်ကို မကူညီနိုင်ဘူးဆိုတာ သိရှိလာခဲ့တယ်။ ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ ကိုယ့်ကိုလဲကျအောင် မလုပ်နိုင်ဘူးဆိုတာကိုလည်း နားလည်လာခဲ့တယ်” ဟု ၎င်းက ဆိုသည်။

 “ ကျွန်တော် တခြားနိုင်ငံကို ရောက်နေချိန်မှာလည်း ကိုယ့်ဘာသာလေ့ကျင့်နေတယ်။ ဒါက သင်ခန်းစာအကြီးကြီးပါပဲ။ ဘဝက အမြဲ သင်ကြားနေတာကြောင့် သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။”

“ ကျွန်တော့်ရဲ့ရုန်းကန်မှုတွေက ကျွန်တော့်ကို ယုံကြည်ပေးနေတဲ့သူတွေကို တွေ့မြင်သိရှိစေခဲ့တယ်။ သူတို့ကို အများကြီးကျေးဇူးတင်ပါ တယ်။ သူတို့ကို အမြဲကျေးဇူးတင်နေမှာပါ။”

ONE: Dream of Gold ပြိုင်ပွဲကို လာမည့် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၅နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။ အလားတူ Skynet Sport 3 မှလည်း မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် အဓိကတွဲဆိုင်းများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly