မလွဲတောင်လမ်းပိုင်းအား အချိန်တိုအတွင်း အမြန်ပြီးစီးနိုင်အောင်ကြိုးစားနေဟု တိုင်းဝန်ကြီးချုပ်ဆို

မလွဲတောင်လမ်းပိုင်းအား အချိန်တိုအတွင်း အမြန်ပြီးစီးနိုင်အောင်ကြိုးစားနေဟု တိုင်းဝန်ကြီးချုပ်ဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် (၁၅) ။           ။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသော မလွဲတောင်လမ်းပိုင်းအား တစ်ပတ်အတွင်း အမြန်ပြီးစီးနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

အဆိုပါလမ်းပိုင်းပျက်စီးမှုကြောင့် ခရီးသွားပြည်သူများအတွက် သွားလာရေးခက်ခဲခဲ့ပြီး ကုန်စည်စီးဆင်းမှုများ လည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။

“လမ်းပိုင်းကို အမြန်ဆုံးပြန်လည်သွားလာနိုင်ဖို့အတွက် နေ့ညမနားဆောင်ရွက်နေပါတယ်။ တစ်ပတ် အတွင်းမှာ အမြန်ဆုံးပြီးစီးနိုင်အောင် ကြိုးစားနေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

လက်ရှိတွင် ကုန်ကားကြီးများ၊ ခရီးသည်တင်ကားကြီးများနှင့် အိမ်စီးကားများ ဖြတ်သန်းသွားလာရန် မရဘဲ ပိတ်မိနေကြောင်း သိရသည်။

“ကုန်ကားတွေကတော့ တံတားပျက်စီးတဲ့ ရက်ကတည်းက ရပ်နားထားရပါတယ်။ ဖြတ်သန်းသွားလို့ မရပါဘူး။ နောက် နှစ်ရက် ၊သုံးရက်လောက်ဆိုရင် သွားလို့မယ် ထင်တယ်” ဟု မြိတ်ကုန်ကားအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်းနှင့် ထားဝယ်မြို့နယ်သို့ ဆက်သွယ်ထားသည့် မိုင်တိုင် အမှတ် (၈၀/၄) အကွာရှိ လမ်းသားပြတ်တောက်နေသော မလွဲတောင်ပေါ်တွင် အစိုးရအဖွဲ့မှ ဘေလီတံတားသံဘောင်ထိုးခြင်း လုပ်ငန်းကိုအစားထိုး လုပ်ဆောင်သွားမည်ဟု သိရပြီး တောင်နံရံလမ်းမြေသား တိုးချဲ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly