ဂုတ်တွင်းတံတားပေါ် ကားဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့ဘဲ သွားလာရေး ရပ်ဆိုင်းနေ

ဂုတ်တွင်းတံတားပေါ် ကားဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့ဘဲ သွားလာရေး ရပ်ဆိုင်းနေ

ရန်ကုန်၊ သြဂုတ် ၁၅ ။         ။ ယနေ့ သြဂုတ် ၁၅ ရက်က တိုက်ခိုက်ခံခဲ့ရသည့် နောင်ချို-ကျောက်မဲ ဆက်သွယ်ထားသည့် ဂုတ်တွင်း တံတား၏ လက်ရှိအခြေအနေသည် ကားများ ဖြတ်သန်းသွားလာရန်မှာ မဖြစ်နိုင်တော့ကြောင်း ဂုတ်တွင်းလမ်း၌ တာဝန်ယူထားသော ဆောက်လုပ်ရေး ကုမ္ပဏီ (OHC) တာဝန်ခံတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

“ဖြတ်လို့ မရဘူးဗျ။ အပေါက်အကြီးကြီးတစ်ပေါက် ပေါက်သွားတယ်ဗျ။ နောက်ထပ် အပေါက်သေးသေးလေး တွေလည်း ပေါက်သွားတယ်။ ကားကြီး၊ ကားသေး သွားလို့မရပါဘူးဗျ။ ကားလုံးဝ သွားမရတော့ပါဘူး ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နေပြည်တော်တံတားဦးစီးဌာနမှ လာရောက်စစ်ဆေးနေပြီး စစ်ဆေးပြီးသည့်အခါမှ ဖြတ်သန်းခွင့် ရ၊ မရကို သိရှိရမည်ဟုလည်း သိရသည်။

“ဒီနေ့တော့မဖြစ်နိုင်တော့ဘူး။ တကယ်လို့ လမ်းပြုပြင်ရင်တောင် ဘေလီတံတားထိုးမှရမှာပါ” ဟု ကားများ ဖြတ်သန်းရန် အခြေအနေနှင့်ပတ်သက်၍ OHC ကုမ္ပဏီမှ တာဝန်ခံက ဆိုသည်။

လက်ရှိတွင် တံတားပေါ်တွင် အပေါက်ကြီးများပေါက်သွားကာ တံတားဘေးဘောင်များ ပဲ့ထွက်နေပြီး ဖြတ်သန်း သွားလာရန် မျက်မြင်အခြေအနေမှာ စိတ်ချရခြင်း မရှိကြောင်း တွေ့ရသည်။

အဆိုပါဒေသတံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်သို့ အဓိက ဆက်သွယ်ထားသည့် နေရာဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွင် အရေးပါသောနေရာ ဖြစ်သည်။

လက်ရှိတွင် ဂုတ်တွင်းတံတားပေါ်ဖြတ်သန်းရန်အတွက် ကျောက်မဲဘက်အခြမ်းတွင် စောင့်ဆိုင်းနေသော ကားကြီး၊ ကားသေးများမှာ ရာဂဏန်းအထိရှိနေသည်ဟု အဆိုပါနေရာရှိ ကားဆရာ ကိုနေက ပြောသည်။

“အခြေအနေကမငြိမ်သေးဘူးလေ။ တိုင်တွေကလည်းတော်တော်လေး နဲ့သွားတယ်။ အောက်က တံတား အခြေအနေကတော့ မကောင်းနိုင်ဘူး ” ဟု ကားဆရာ ကိုနေမှ မျက်မြင်အခြေအနေကို ရှင်းပြသည်။

လမ်းလွဲသွားရန်လည်း အခြားလမ်းမရှိသောကြောင့် ကြိုးစားဆောင်ရွက်နေကြရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိတွင် နောင်ချိုမြို့၏ အချို့နေရာများတွင် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးလုပ်ငန်း များ လုပ်ဆောင်နေပြီး ထိတွေ့ ပစ်ခတ်မှုများလည်း ရှိနေသည်။

ယနေ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက်ခံရပြီး တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ် မဲ့အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည်။

တပ်မတော်ဘက်မှ မြောက်ပိုင်း သုံးဖွဲ့လှုပ်ရှားရာဒေသများသို့ စစ်ရေးအရ ထိုးစစ်များ ဆက်တိုက် ပြုလုပ် ခဲ့ခြင်းကြောင့် ခုခံကာကွယ်သည့်အခြေအနေမှ ပုံစံပြောင်း၍ ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု TNLA ဘက်မှလည်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly