ကျောင်းသားမျက်နှာကို မစင်သုတ်ခိုင်းခဲ့သည့်အမှု စစ်ဆေးတွေ့ရှိချက်ကို တင်ပြထားဟုဆို

ကျောင်းသားမျက်နှာကို မစင်သုတ်ခိုင်းခဲ့သည့်အမှု စစ်ဆေးတွေ့ရှိချက်ကို တင်ပြထားဟုဆို

သြဂုတ် ၁၅ ရက်၊ ရန်ကုန် ။            ။ ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့သည်ဆိုသော ဆရာမအမှုနှင့်ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် များအား ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မူဆယ်မြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်ကိုက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့က ဖွဲ့တယ်။ စစ်တယ်။ စစ်ပြီးတာကို အထက်ကို တင်ပြတယ်။ ကျန်တာက သူတို့ဘာသာသူတို့ အပေါ်က ဆုံးဖြတ်မှာ။ ကျွန်တော်တို့က ဒီလောက်ပဲ ပြောလို့ ရတယ်။ တစ်ခြားတော့ ပြောလို့မရဘူး။ ဒါက ကျွန်တော်တို့က စစ်ဆေးတွေ့ရှိချက်ကို အထက်အဆင့်ဆင့်ကို တင်ပြလိုက်တာပဲရှိတယ်လေ” ဟု ၄င်းက ပြောသည်။

မည်သည့် စစ်ဆေးတွေ့ရှိချက်ဖြစ်ကြောင်း အသေးစိတ်တစုံတရာကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊ အထက(ခွဲ)၌ အင်္ဂလိပ်စာဆရာမ ဒေါ်အိဇာဇာအောင်သည် လပတ်စာမေးပွဲကျသော စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦးကို စာသင်ခန်းဘေးကွင်းပြင်တွင် မတ်တပ်ရပ်လက်မြှောက်ခိုင်းခြင်း၊ တုတ်ဖြင့် သုံးချက် ရိုက်ခြင်း၊ အိမ်သာမှ မစင်သွားယူခိုင်း၍ ပါးစပ်နှင့် နှာခေါင်းကို သုတ်လိမ်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းသားမိဘများက မကျေနပ်သောကြောင့် ပညာရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

၄င်းတိုင်ကြားစာကို သြဂုတ် ၇ ရက်တွင် ရရှိပြီးခဲ့ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးမှုများကို သြဂုတ် ၈ ရက်က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“အသုတ်ခံရတဲ့ ကလေးတွေထဲက တစ်ယောက်ရယ်၊ ဆရာမသုတ်ခိုင်းလို့ လုပ်တဲ့ကလေးတစ်ယောက်ရယ်၊ မြင်တဲ့ အတန်းဖော်ထဲက တစ်ယောက်ရယ် အဲ့သုံးယောက်ပဲ။ ကလေးမိဘကတော့ တော်တော်များများ ပါပါတယ်။ ခေါ်စစ်တဲ့ထဲမှာ။ အဲ့ဆရာမကတော့ ဒီမှာတော့ မရှိတော့ဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ ဘာသတင်းမှ မရသေးဘူးဗျ။ အခုဘယ်လိုအခြေအနေဘယ်လို ဆောင်ရွက်သွားပြီဆိုတာ မသိရသေးဘူး။ ကျောင်းသားမိဘတွေကတော့ ထိထိရောက်ရောက်အရေးယူပေးဖို့ မျှော်လင့်နေပါတယ်” နမ့်တောင်းကျေးရွာ အသင်းတော် ဆရာဒွဲလာက ပြောသည်။

အဆိုပါကိစ္စအတွက် ပညာရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို မေးမြန်းနိုင်ရန် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly