နောင်ချိုဂုတ်တွင်း ရဲစခန်းတိုက်ခိုက်ခံရမှု သုံးဦးသေ၊ ရှစ်ဦး ဒဏ်ရာရ

နောင်ချိုဂုတ်တွင်း ရဲစခန်းတိုက်ခိုက်ခံရမှု သုံးဦးသေ၊ ရှစ်ဦး ဒဏ်ရာရ

ရန်ကုန် ၊ သြဂုတ် ၁၅ ။          ။ နောင်ချို ဂုတ်တွင်း ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

ယင်းအပြင် ဂုတ်တွင်းကားလမ်းတံတား မိုင်းခွဲပျက်စီးခံခဲ့ရပြီးနောက် ရှမ်းပြည်မြောက်ပိုင်းသို့ သွားလာသည့် ဂုတ်တွင်းလမ်းကြောင်းတွင် ယာဉ်သွားလာမှုများ ပိတ်ဆို့နေသည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် မဇ္စျိမသတင်းထောက်က သတင်းပေးပို့ထားသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ထိတွေ့ပစ်ခတ်မှုများလည်း ရှိနေသည်။

ယနေ့ သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင် ၊ နောင်ချိုဂုတ်တွင်းမြို့နယ်တို့ရှိ နေရာ ငါးနေရာကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် TNLA၊ AA၊ MNDAA ပူးပေါင်းတပ်ဖွဲ့မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသလို သေဆုံးမှုများလည်း ရှိနေခဲ့သည်။

တပ်မတော်ဘက်မှ မြောက်ပိုင်း ၃ ဖွဲ့လှုပ်ရှားရာဒေသများသို့ စစ်ရေးအရ ထိုးစစ်များ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် ခုခံကာကွယ်သည့်အခြေအနေမှ ပုံစံပြောင်း၍ ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု TNLA ဘက်မှ ပြောဆိုသည်။

တပ်မတော်အနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းစာထဲတွင် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားသည့်အချိန်၌ ငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းကြရန် ပါရှိသည်။

တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ မှ သြဂုတ် ၃၁ ရက်နေ့အထိ နှစ်လကြာ အပစ်အခတ်ရပ်စဲ ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required