Boku ကိုအနိုင်ယူပြီး Martin Nguyen ကို စိန်ခေါ်ချင်နေသည့် Thanh Le

Boku ကိုအနိုင်ယူပြီး Martin Nguyen ကို စိန်ခေါ်ချင်နေသည့် Thanh Le

ဗီယက်နမ် - အမေရိကန်ကပြား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Thanh Le သည် ၄င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက် သာယာသောဘဝကို  ပိုင်ဆိုင်ထားသည်။ ဖယ်သာဝိတ်တန်း ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ Le သည် ၄င်း၏ ONE Championship ဒုတိယမြောက်ပြိုင်ပွဲအဖြစ် သြဂုတ်လ ၁၆ ရက်တွင် ဘန်ကောက်ရှိ Impact Arena အားကစားရုံတွင်ပြုလုပ်မည့် ONE: DREAM OF GOLD ပြိုင်ပွဲ၌ ဂျပန်နိုင်ငံ ကစားသမား Kotetsu “No Face” Boku နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် Le သည် ၂၀၁၉ ခုနှစ် မေလ ၃ ရက်ကယှဉ်ပြိုင်ခဲ့သည့် ပွဲဦးထွက် ONE Championship ပြိုင်ပွဲတွင် ရုရှားကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Yusup Saadulaev ကို ဒုတိယအချီတွင် မေးရိုးကို ညာဒူးတိုက်ချက်ဖြင့် အလဲထိုးနိုင်ပွဲ ရယူခဲ့သည်။ သို့သော်လည်း Le အနေဖြင့် နောက်ထပ်ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဟု အာမခံချက်တော့ မရခဲ့ပါ။

၃ လကျော်ကြာမြင့်ပြီးနောက် ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်းက ဒုတိယအကြိမ်ယှဉ်ပြိုင်ရန် ကမ်းလှမ်းလာ ချိန်တွင်တော့ Le တစ်ယောက် ဝမ်းပန်းတသာဖြင့် လက်ခံလိုက်သည်။ ONE Championship က ကမ်းလှမ်းလာခြင်းအပေါ် Le က ဂုဏ်ယူကျေနပ်လျက်ရှိပြီး ပျော်ရွှင်ဝမ်းမြောက်စရာဖြစ်ရပ်များ နောက်ထပ်တစ်ကြိမ် ထပ်ဖြစ်လာမည်ဟုလည်း ဆိုသည်။

Le က ဒုတိယမြောက်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး အာရုံစူးစိုက်မှု အပြည့်ထည့်ထားသည်ဟု ပြောသည်။ ONE Championship တွင် Le ဒုတိယမြောက် ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်က ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သလို ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနယ်ပယ်တွင် ဂန္တဝင်တစ်ယောက်လည်းဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် Boku သည် ၄င်းယှဉ်ပြိုင်ခဲ့သည့် ပြိုင်ဘက်တိုင်းကို အကောင်းဆုံးရင်ဆိုင်ကာ ထိပ်တန်းကစားသမားတစ်ဦးဖြစ် ကြောင်း သက်သေပြထားပြီးဖြစ်သည်။ Le က နောက်ထပ်ယှဉ်ပြိုင်ရမည့်သူမှာ ၄င်းထက် ပိုကောင်းသည့် ကစားသမားဟု ယူဆထားခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဂျပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားက ဖိအားပေးလာမည််ကို သိရှိထားသော်လည်း ONE ဖယ်သာဝိတ်တန်းတွင် ရှေ့သို့ဆက်လက် တက်လှမ်းသွားနိုင်ရန် အကောင်းဆုံး ကြိုးစားသွားနိုင်ရေးအတွက် စိတ်ပိုင်းဖြတ်ထားခြင်း ကြောင့်ဖြစ်သည်။

“ကျွန်တော် သူ့ရဲ့ကစားပုံစတိုင်ကို ကြိုက်တယ်။ နောက်ပြီးတော့ သူ့ရဲ့စိတ်ဓာတ်ကိုလည်း ကြိုက်တယ်။ သူက ဖိအားပေးကစားတတ်တယ်ဆိုတော့ ကျွန်တော်နဲ့ တိုက်စစ်ကို အပြိုင်ဖလှယ်ချင်နေမှာပဲ။ ကိုယ့်ရဲ့အနားကို ကပ်လာပြီး အကောင်းဆုံးတိုက်ခိုက်သွားမှာ” ဟု Le က ပြိုင် ဘက်ဖြစ်သူ Boku အပေါ် သုံးသပ်သည်။

Le က Boku ၏ ဘယ်လက်သီးမှာ ပြင်းထန်အားပါပြီး လက်သီးထိုးချက်များကို အထိမခံသင့်ကြောင်း ထိုလက်သီးတစ်ချက်တည်းဖြင့် အလဲထိုး ရှုံးပွဲနှင့် ရင်ဆိုင်သွားရနိုင်သည်ဟုလည်း ပြောသည်။ Boku မှာ ဖယ်သာဝိတ်တန်းတွင် ထိပ်တန်းကစားသမား တစ်ဦးဖြစ်ပြီး အန္တရာယ်ပေးနိုင်သော ပြိုင်ဘက်ဖြစ်သည်ဟု Le က သုံးသပ်သည်။

သို့သော် Le ကိုယ်တိုင်မှာလည်း ၄င်း၏ ကစားသမားဘဝတစ်လျှောက် အမှတ်ရစရာ မှတ်တမ်းကောင်းများစွာ ရေးထိုးထားနိုင်သူဖြစ် သည်။ အလဲထိုးနိုင်ပွဲ ၈ ပွဲ၊ မြေပြင်ချုပ်ကွက် အလဲထိုးနိုင်ပွဲ ၁ ပွဲ ရရှိထားသော Le သည် ပွဲသိမ်းနိုင်စွမ်းသော စရာနှုန်းပြည့် ပိုင်ဆိုင်ထားသူ လည်းဖြစ်သည်။

သို့သော် Boku ကဲ့သို့  အတွေ့အကြုံရင့်ကျက်သည့် ကစားသမားတစ်ဦးက လက်သီးထိုးချက်များဖြင့် အန္တရာယ်ပေးနိုင်သည်ကို လည်း ၄င်းက လက်ခံထားသည်။ Le သည် ယခုပွဲအတွက် ၄င်း၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို အလွန်ယုံကြည်လျက်ရှိသည်။ အတွေ့ အကြုံရင့်ကျက်သော ဂျပန်နိုင်ငံ့ဂုဏ်ဆောင် ကစားသမားကို အထင်သေးလျှော့မတွက်သော်လည်း ပွဲအပြီးတွင် အောင်ပွဲခံနိုင်မည်ဟု ယုံကြည်နေသည်။

LFA ဖယ်သာဝိတ်ချန်ပီယံ Le က စိတ်လက်ပေါ့ပါ့ပါးပါးဖြင့် ယှဉ်ပြိုင်နိုင်ရေးက အလွန်အရေးပါပြီး Boku မှာ ပြိုင်ဘက်ကို ၄င်း၏အနား သို့ တိုးကပ်ခွင့်ပြုပြီးမှ တန်ပြန်တိုက်စစ်ဗျူဟာဖြင့် အန္တရာယ်ပေးလေ့ရှိသည်ဟုလည်း သုံးသပ်သည်။ ဂျပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Boku မှာ ONE တွင် ၂၀၁၂ ခုနှစ်ကတည်းက ယှဉ်ပြိုင်လာသူဖြစ်သလို လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဟောင်းတစ်ဦး ဖြစ်နေခြင်းကြောင့် မလွယ်ကူနိုင်ကြောင်း Le က သုံးသပ်ထားသော်လည်း ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီအိပ်မက်ကို လုံးဝအ လျှော့ပေးသွားမည်မဟုတ်ဟု ပြောသည်။

Le ၏ အိပ်မက်မှာ ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ရေးဖြစ်ပြီး လက်ရှိချန်ပီယံ ဗီယက်နမ် - သြစတြေးလျကပြား Martin “The Situ-Asian” Nguyen ကို စိန်ခေါ်နိုင်သူဖြစ်ရေးဟု ဝန်ခံထားသည်။ ထို့အတွက်လည်း ၄င်းအနေဖြင့် အကောင်းဆုံးပြင် ဆင်ထားသည်။ 50/50 MidCity MMA အသင်းသား Le က ONE Championship တွင် ယှဉ်ပြိုင်ရသည်ကို သဘောကျသည်ဟု ဆိုထားပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်ရေးအိပ်မက်အတွက် ရင်ဆိုင်ကြုံတွေ့ရမည့် လှေခါးထစ်တိုင်းကို တက်လှမ်းသွားရမည်ဟု သုံးသပ်သည်။

အကယ်၍ Boku ကိုသာ အနိုင်ယူကျော်ဖြတ်နိုင်ပါက နောက်ထပ်ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲ၌ ပြိုင်ဘက်က မည်သူပင်ဖြစ်စေ ထပ်မံအနိုင်ယူ သွားဦးမည်ဟု Le က ကြုံးဝါးထားသည်။ ၄င်း၏ တတိယမြောက်ပြိုင်ပွဲတွင် ပြိုင်ဘက်က Martin Nguyen ဖြစ်လာလျှင်လည်း အနိုင်ထိုး သတ်မည့် ကစားသမားဖြစ်လာလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ မစ္စစ္စပီမြစ်ကမ်းပါးရှိ နယူးအော်လင်းမြို့ တွင် ကြီးပြင်းလာသော Le က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly