မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်စားစား၊ ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင်ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးေးလကို ဖတ်ကြည့်သင့်တယ်နော်။
မျှစ်ဆိုတာ

မြက်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့အရှည်ဆုံးသော မြက်မျိုးရင်းဝင်အပင်တစ်မျိုးပါ။ ဝါးပင်နုနုလေးပေါ့။ ရက်သတ္တပတ်နှစ်ပတ်အရွယ်မတိုင် အမြင့် တစ်ပေအရွယ်မပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပေါ့။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့စားကောင်းလှပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း ဆောက်လုပ်ရေးနဲ့ အခြားသောအရာတွေအတွက် အသုံးဝင်တဲ့ ဝါးပင်ဖြစ်လာတာပါ။ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အာရှဒေသခံတွေအတွက် တော်တော်လေးအသုံးဝင်တဲ့ အပင်တစ်မျိုးပေါ.။
ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်လဲ……….

မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှုနည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓာတ်ပါဝင်မှုနည်းသလို အဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓာတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိ့၊ ဆီလီယမ်၊ သံဓာတ်တို့ပါဝင်နေပါတယ်။
ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ………

အာရှနိုင်ငံအများစုမှာ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ကြတဲ့ မျှစ်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်

ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓာတ်ပါဝင်မှုနည်းတာကြောင့် ဝိတ်တက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေတဲ့အတွက် ဝိတ်ချနေသူတွေနဲ့ အထူးသင့်တော်မှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

မျှစ်မှာ သွေးတွင်းက အကျိုးမပြုကိုလက်စထရော (LDL) တွေကိုချေဖျက်ပေးနိုင်တဲ့ phytosterols နဲ့ phytonutrients တို့ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေမှာအသေအချာပါ။ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှုကောင်းစေနိုင်ပြီး နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်မှာပါ။

သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်

သုတေသနပြုလေ့လာမှုတွေအရ မျှစ်ကိုစားသုံးပေးတာက သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

မျှစ်မှာပါဝင်နေတဲ့ phytosterols က ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း အထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

မျှစ်မှာပါဝင်နေတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး ခန္ဓာကိုယ်တွင်းကိုယ်ပမှာ ရောဂါကင်းနေစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးမှာဖြစ်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းချုပ်မှုကို ကင်းစေတာကြောင့် အစာခြေစနစ်ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်

မျှစ်က အရောင်ကျစေနိုင်သလို နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်တဲ့အာနိသင်လည်းရှိတာကြောင့် ခန္ဓာကိုယ် ပြင်ပကအနာတွေအတွက် အသုံးပြုလို့ရသလို ကိုယ်တွင်းမှာဖြစ်တဲ့ အနာတွေကျက်စေဖို့လည်း မျှစ်ကို စားပေးလို့ရပါတယ်။

အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် မျှစ်ပြုတ်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်ချိုးထားတဲ့ မျှစ်ကို ရေစင်အောင်ဆေးပြီး အိုးတစ်ခုထည့်လို့ ရေအသင့်အတင့်ထည့်ပြီး ၅ မိနစ်ကြာပြုတ်ပါ။ ခဏ အအေးခံပြီး နောက်ထပ် ၁၀ မိနစ်ကြာထပ်ပြုတ်ပေးပါ။ ရလာတဲ့ပြုတ်ရည်ကို ပျားရည်နဲ့ရောစပ်လို့ သောက်ပေးလို့ရပါတယ်။

အဆိပ်ပြေစေနိုင်တယ်

ရှေးအစဉ်အဆက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ မျှစ်က အဆိပ်အတောက်ပြေစေနိုင်ပါတယ်။ မျှစ်ကို ကြိတ်ပြီးရလာတဲ့အရည်ကို အဆိပ်ရှိတဲံအကောင်ကိုက်ခံရတဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။ အဆိပ်ပြင်းလွန်းတဲ့အကောင်ကိုက်ခံရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာက အကောင်းဆုံးဖြစ်မှာပါ။

သွေးပေါင်ကျစေနိုင်တယ်

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြီး သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားသုံးပေးလို့ရပါတယ်။

မျှစ်ကကျန်းမာရေးအတွက် အကျိုးကျေးဇူးများပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေနဲ့တော့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မျှစ်ကို လုံးဝမစားသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly