"သဘာဝတရားက ပြန်ပေးသည့်ဝေဒနာ "

"သဘာဝတရားက ပြန်ပေးသည့်ဝေဒနာ "
photo - Sai Aung MAIN / AFP

ရန်ကုန်၊သြဂုတ် ၁၄ ။               ။ “ ကျွန်တော်တို့မှာ ပြောပိုင်ခွင့်ဆိုတာ မရှိဘူးလေဗျာ။ လုပ်ပိုင်ခွင့်ရှိသူတွေ လုပ်နေကြတော့ ကျွန်တော်တို့မှာ ထိုင်ကြည့်ရုံပဲ ရှိတယ်။ နောက်ထပ် ဆက်လုပ်ခိုင်းနေရင် ဒီလိုပဲ ဖြစ်မှာပဲ” ဟု ကိုစိုးသိန်းဦးက ဆိုသည်။

အစ်မဖြစ်သူ၏ မိသားစု၊ တူ နှစ်ယောက်၊ တူမ နှစ်ယောက်၊ ညီမ ၁ ယောက်တို့ မြေပြိုရာတွင် ပါဝင်သွားသည့် ကိုစိုးသိန်းဦးက သူ့ အဖြစ်အပျက်ကို အခင်းဖြစ်နေရာတွင် လက်ညှိုးတစ်ညွှန်ညွှန်နှင့် ပြောပြနေခြင်း ဖြစ်သည်။

မြေတူးမှုကြောင့် တောင်မြေပြိုကျသွားသည်ကို ဆိုလိုဟန်ရှိသည့် သူ့အမူအရာက ဝမ်းပမ်းတစ်နည်း ဖြစ်နေသည်။

နံနက် မိုးမလင်းခင် ၂ နာရီခွဲခန့်က ငလျှင်လှုပ်သလို တုန်သွားသည်မှစ၍ နေအိမ်၊ အဆောက်အဦ၊ မော်တော်ယာဉ်များ၊ လူများနှင့် တိရစ္ဆာန်များအပေါ် ဖုံးလွှမ်းသွားသည်အထိ ဖြစ်သွားသည့်မြင်ကွင်းက ကိတ်မုန့်အပိုင်းတစ်ခုအား လွှာပြီးခွဲလိုက်သလို မြေသားများ လမ်းမပေါ်သို့ ပြန့်ကျဲသွားသည်။

တိတိကျကျ ဆိုရလျှင် သြဂုတ် ၉ ရက် ၊ နံနက် ၆ နာရီခန့်တွင် (မလတ်)တောင်အထက်ရှိ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြိုကျပြီး လေများ တိုက်ခတ်လာသည်။ ထို့နောက် တောင်ပေါ်မှ ရေများ ကျဆင်းလာပြီး လေတိုးသံ တဝူးဝူး ကြားလိုက်ရသည့်နောက် ပြိုကျလာသည့် မြေသားများက တောင်ခြေရှိ အရာအားလုံးကို ဖုံးလွှမ်းလိုက်သည်။

“ တစ်ခါတည်း ဝူးဝူးဝူးနဲ့ အော်လာတော့ ကြည့်လိုက်တော့ အကုန်ပြောင်သွားပြီ။ ကျွန်တော့်တူတွေကို ထတော့ ထတော့ ဟိုမှာ လူတွေ အော်နေတယ်။ ကူပါကယ်ပါနဲ့။ မင်းတို့ သွားကူကြလို့ ကျွန်တော် ပြောလိုက်ပေမဲ့ မကူနိုင်ကြတော့ဘူး။ အားလုံး သစ်ပင်တွေ၊ မြေတွေ၊ အိမ်တွေ လုံးကုန်ပြီ” ဟု ဦးခင်မောင်က သူ့ အတွေ့အကြုံကို ပြောသည်။

ထိုသို့  မိမိ နေအိမ်ကို မြေဖုံးလွှမ်းရာတွင် မပါဝင်သော်လည်း မုတ်ဆိတ်ဖြူဖြူနှင့်ဦးခင်မောင်က သူ့အတွေ့အကြုံ ကို ပြန်ပြောပြသည်။

ရွာ နှင့်ကားလမ်းမ အပေါ် မြေများ ဖုံးလွှမ်းလိုက်ပြီး စတင်ဖြစ်ပွားစဉ် ကတည်း လူ ၁၀၀ ခန့် ပိတ်မိနိုင်ကြောင်း သထုံ မွန်ပြည်နယ်၊သထုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့(ယင်းနေ့က မှန်းဆသည်) က ပြောဆိုထားခဲ့သည်။

“ အခြေအနေကဘာမှန်းမသိဘူး။ သူက လမ်းမပေါ်က ကားတွေကိုရော အကုန်လုံးတိုက်ချသွားတော့ အဲ့ဒီ့ မြေကြီးတွေအောက်မှာ ကားဘယ်နှစ်စီး ရှိတယ်။ လူ ဘယ်နှစ်ယောက်ပိပြီး သေနေတယ်ဆိုတာမသိဘူးရှင့်။ အားလုံးပေါင်း ကျွန်မထင်တယ်။ လူ ၁၀၀ နီးပါးလောက်( ပိတ်မိနေသူများ) ရှိမယ်ထင်တယ်။ ပါသွားတာ” ဟု အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသူ ဒေါ်ခိုင်ခိုင်လဲ့က ယင်းနေ့က မဇ္ဈိမသို့ ပြောဆိုထားသည်။

သြဂုတ် ၉ ရက်နေ့က ၁၃ လောင်းရှာဖွေတွေ့ရှိထားပြီး ၁၀ ရက်နေ့တွင် ၂၂ လောင်း၊ သြဂုတ် ၁၃ ရက်နေ့ ညနေ ၅ နာရီအထိ သေဆုံးသူ ၆၅ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီး လူ ၂၉ ဦးကို တွေ့ရှိ ကယ်ဆယ်ထားနိုင်ခဲ့သည်။ အပျက်အစီး အစုအပုံ အောက်မှ ထူးထူးခြားခြား နွားတစ်ကောင်ကိုလည်း အသက်ရှင်လျှက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့သေးသည်။

နေရာအနှံ့က မြေသားအပုံကြီး ဖြစ်သွားကာ အဆိုပါနေရာတွင် နေအိမ်များ၊ လူများ ရှိခဲ့သည်မှာ ခန့်မှန်း မရနိုင်တော့။ ရက်ကြာလာသည့်အခါ မိုးရေစိုစွတ်စွတ်မှာ အနံ့သက်က မကောင်းလှသည်မို့ ကယ်ဆယ်ရေး လုပ်ဆောင်သူများလည်း အပျက်အစီးပုံနားကြား ကြာကြာမနေနိုင်ချေ။

“ မိသားစုဝင်တွေ ကျန်ခဲ့တယ်။ ကျွန်တော်တို့ သတင်းအချက်အလက်ပေါ် မူတည်ပြီးမှ ကယ်ဆယ်ရှာဖွေရေး လုပ်တယ်။ အခုက အဓိက ဘတ်ဖိုး(မြေတူးစက်)ပေါ့။ ဘတ်ဖိုးသုံးပြီး ဘတ်ဖိုးနဲ့ရှာတယ်။ Dead Body (သေသူရုပ်အလောင်း) တွေ့ရင် မထိအောင် သေချာလေး လုပ်တယ်။ သေချာလေး ထုတ်ယူရတဲ့ အနေအထားလေးတွေ ရှိပါတယ်။ စရှာတဲ့နေ့က အမျိုးသားတစ်ဦး အသက်ရှင်လျှက် ရတယ်။ ၂၈ ဦး မြောက်ပေါ့။ Probox ကားထဲ ညှပ်နေတယ်။ မိသားစု သုံးယောက် စီးလာတဲ့အနေအထားမှာ အမေ တစ်ယောက်၊ သမီးတစ်ယောက်ကို ကယ်ထုတ်နိုင်တယ်။ အဲဒီအစ်ကိုကြီးတစ်ယောက်ကြတော့ မနက် ၈ နာရီ လောက်ကနေ မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေ ပေါင်းပြီးတော့ ညနေ ၃ နာရီ ၄၅ မှ အသက်ရှင် လွတ်မြောက်တယ်ပေါ့။ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခဲရာခဲဆစ် ကယ်ထုတ်နိုင်ခဲ့တာပေါ့။” ဟု ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက သြဂုတ် ၁၀ ရက်က ပြောသည်။

မလတ်တောင်အနီး တောင်များတွင် မြေတူးဖော်မှုများအား တိုင်ကြားရန် စိတ်ကူးခဲ့သော်လည်း မတိုင်ဖြစ်လိုက်သည့် အကြောင်းအရင်းများ ကိုစိုးသိန်းဦးတွင် ရှိနေသည်။

“ အဲသလိုလူတစ်ယောက်က သွားတိုင်လို့ကတော့ ဘယ်လိုလူကမှ အရေးလုပ်မယ်မထင်ဘူး။ သူတို့က သိပ်လည်း ချမ်းသာတယ်လေ။ ကျွန်တော်တို့ တင်လိုက်တဲ့စာတောင် ကျေးရွာကနေတောင် ပယ်ချလိုက်လိမ့်မယ်။ ဟိုးအပေါ်ကို ရောက်ဖို့ဆိုတာ မဟုတ်ဘူးလေ။ ကိုယ့်အရည်အချင်းကို ကိုယ်သိလို့ ရေငုံနှုတ်ပိတ်ပြီးနေလိုက်တယ်” ဟု ဒေသခံ ကိုစိုးသိန်းဦးက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်နယ်တစ်လျှောက်ရှိ တောင်များမှ မြေကြီးတူးဖော်သည့်လုပ်ငန်းများကို ဥပဒေအရ အရေးယူလုပ်ဆောင်သွားမည်ဟု သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းက သဲဖြူကုန်းကျေးရွာသို့ လာရောက်ကြည့်ရှုစဉ် ပြောဆိုထားသည်။

“ဒါနဲ့ ပတ်သက်ပြီး နောက်လည်း မဖြစ်အောင် ကျွန်တော်တို့ပြည်နယ်အစိုးရက ဆုံးဖြတ်ထားပြီးပြီ။ အဲဒါကတော့ တောင်မှာ ရှိတဲ့မြေကြီးတွေ၊ ကျွန်တော်တို့ မွန်ပြည်နယ်တစ်လျှောက်ကို ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်တစ်လျှောက် ဘယ်နေရာမှ တူးခွင့်မရှိဘူး။ တူးတာကို လုံးဝ လက်မခံဘူး။ တူးတယ်ဆိုရင် ကျွန်တော်တို့ ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြိုကျသောမြေနေရာသည် သက်နုကျောက်တောင်အမျိုးအစားဖြစ်သည်ဟု မွန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး  သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရဘက်မှ တာဝန်ရှိသူများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ တပ်မတော်မှ တာဝန်ရှိသူများ ၊ လမ်းတံတားမှ တာဝန်ရှိသူများ၊ ရန်ကုန်မီးသတ်တပ်ဖွဲ့မှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့်အဖွဲ့က အဆိုပါတောင်ကို Drone ဖြင့် စစ်ဆေးခဲ့ပြီးနောက် ထပ်မံပြိုကျနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ကျွမ်းကျင်ပညာရှင် သုံးသပ်ထားသည့် အကြောင်းအရာများနှင့် အဆိုပါတောင်ကို Drone ဖြင့် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကို ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“ ထပ်ပြိုမှာတော့ တော်တော်စိုးရိမ်နေတယ်။ တောင်ပြိုမှာ ကြောက်လို့ ကလေးတွေကို ဟိုးမှာ သွားထားတာပေါ့ ” ဟု တောင်ပြိုရာမှာ လွတ်မြောက်ခဲ့သူ ဒေါ်မြင့်ရီက  ပြောသည်။ လက်ရှိတွင် ဒေါ်မြင့်ရီ၏ မိသားစုအနေဖြင့် သူများအိမ်တွင် နေထိုင်နေရသည်ဟု ဆိုသည်။

အိမ်ထောင်စု ၁၆ စုခန့် နေထိုင်ကြသော ယင်းကားလမ်းဘေးရှိ နေအိမ်များတွင် လူသံများ၊ ပျော်ရွှင်မှုများ ဆိတ်သုဉ်းသွားသည်သာမဟုတ်။ အရာအားလုံး တိတ်ဆိတ်သွားသည်သာ ဖြစ်သည်။

အပျက်အစီးပုံနောက်ခံမြင်ကွင်းမှာ မိသားစုပျောက်ရှာသူများကလည်း ဓာတ်ပုံလေးတွေ တစ်ကိုင်ကိုင်နှင့် သေဆုံးသူ၏ ရုပ်ဆင်းသဏ္ဍာန်ကို ဖမ်းမိရန် ကြိုးစားအားထုတ်ရင်း လာစောင့်နေကြသည်ကို မြင်တွေ့နေရသည်။

ဆွေမျိုးများ၏ ဓာတ်ပုံတစ်ထပ်ကို ကိုင်ရင်း ကိုစိုးသိန်းဦးကတော့ အခုလိုပဲ ပြောချလိုက်သည်ကတော့

“ ကျွန်တော် မနက် မနက်တိုင်းပဲ လာစောင့်နေတာ ၃ ရက်ရှိပြီ။ မရသေးလည်း ဇွဲခံပြီး စောင့်နေတာပေါ့။ မရတော့လည်း ကံပေါ့။”

နေသည် ယနေ့အဖို့ တစ်ကြိမ် ဝင်ပြန်ပြီ။ သူ့အတွက် နောက်ထပ် နေဝင်ချိန်များအတွက် မမျှော်လင့်ရဲတော့သော်လည်း သူ မျှော်လင့်နေဦးမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly