ကိုကျော်ဇင်ဝင်းသေဆုံးမှုတွင် LGBT ဖိနှိပ်ချုပ်ချယ်မှုမတွေ့ရကြောင်း လူ့အခွင့်ရေးကော်မရှင်ဆို

ကိုကျော်ဇင်ဝင်းသေဆုံးမှုတွင် LGBT ဖိနှိပ်ချုပ်ချယ်မှုမတွေ့ရကြောင်း လူ့အခွင့်ရေးကော်မရှင်ဆို

သြဂုတ်လ ၁၄ ရက်၊ ရန်ကုန် ။          ။ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့သော MIU ကျောင်းဝန်ထမ်း ကိုကျော်ဇင်ဝင်းအမှုတွင် လုပ်ငန်းခွင်အတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှုနှင့် LGBT ဖိနှိပ်ချုပ်ချယ်မှု မတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမကို ပြောသည်။

“ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သုံးသပ်ရတာ အတော်ကြီး ခက်သွားတယ်။ နောက်တစ်ခုက သူပြောသလို အုပ်စုလိုက်ဖွဲ့ပြီးတော့ Blame လုပ်တယ်ဆိုတဲ့ အထောက်အထားကတော့ လုံးဝမတွေ့ရဘူး။ နောက်ဆုံး အနီးစပ်ဆုံးတွန်းအားပေးဖြစ်သွားတဲ့ ပြသနာကတော့ သူမိတ္တူကူးမပေးတဲ့ ကိစ္စရယ်၊ သူ့ရဲ့အထက် မန်နေဂျာကိုကျော်ပြီး ဒါရိုက်တာကို အီးမေးလ်ပို့တဲ့ ကိစ္စရယ်အတွက် မန်နေဂျာက သူ့ကို ဆူတယ်။ ဆူတာကို စိတ်ခံစားမှုပြင်းထန်ပြီးတော့ ကျန်တဲ့ဟာတွေကို သူလျှောက်ရေးပြီးတော့မှ စိတ်ခံစားချက်မထိန်းနိုင်ဘဲ ခုလို ဆေးတွေသောက်သွားတယ်လို့ ယူဆရတာပေါ့နော်” ဟု ဦးယုလွင်အောင်က ပြောသည်။

ကိုကျော်ဇင်ဝင်းအမှုအတွက် ကော်မရှင်က ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး ၂၉ ရက်နေ့အထိ တစ်လနီးပါး စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးစီးသွားသည့် အစီရင်ခံစာကို MIU ကျောင်းအပါအဝင် သက်ဆိုင်ရာအသီးသီးကို သြဂုတ်လ ၉ ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းမှုများနှင့် CCTV မှတ်တမ်းများအရ ကျောင်းဘက်မှ ဖိနှိပ်မှုမရှိခဲ့ကြောင်း၊ LGBT များအပေါ် နှိမ့်ချဆက်ဆံမှု မတွေ့ခဲ့ရကြောင်း၊ဂရုချက်တွင် ပြောဆိုနေကြသည်မှာ ကိုကျော်ဇင်ဝင်းကို ပြောခြင်းမဟုတ်ဘဲ အခြားကျောင်းသားတစ်ယောက်ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း တွေ့ရှိရခြင်း၊ အထက်မန်နေဂျာ ဒေါ်မြအိမ်သူ၏ ဆူပူမှုကြောင့် စိတ်ထိခိုက်ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သောကြောင့် ကျောင်းဘက်က သင့်တော်သလို ဆောင်ရွက်ရန် အကြံပြုထားကြောင်း၊ ကိုကျော်ဇင်ဝင်းမှာ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ အားနည်းမှု ရှိခဲ့သူဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောသည်။

“ကျွန်တော်တို့ CCTV တွေအရတော့ ပုံမှန်အထက်လူကြီးက ဆူသလိုပဲ ဆူတာကို တွေ့ပါတယ်။ သူကလည်း ပြုံးပြုံးရွှင်ရွှင်ပဲ။  ဘာပြောလဲဆိုတာကတော့ နှစ်ယောက်တည်းပြောတာဖြစ်တဲ့အတွက် ကာယကံရှင်တွေပဲ သိနိုင်မှာပါ။ မန်နေဂျာရဲ့ ဆူပူမှုကြောင့် စိတ်ထိခိုက်ပြီး အခုဖြစ်တယ်လို့ပဲ ယူဆရပါတယ်" ဟု ၄င်းက ပြောသည်။

လိင်စိတ်ကွဲပြားမှုအပေါ် လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံခံရကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေသွားသည့် ကိုကျော်ဇင်ဝင်း၏ စျာပနပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ကျီစုသုသန်တွင် ပြုလုပ်ခဲ့ပြီး မိသားစုဝင်များ၊ LGBT အရေးလှုပ်ရှားသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဇွန်လအတွင်း၌ပင် MIU ကျောင်းရှေ့တွင် ကိုကျော်ဇင်ဝင်းအတွက် တရားမျှတမှု ဖော်ဆောင်ရေး ဟူသည့် လှုပ်ရှားမှုတစ်ခုကိုလည်း LGBT အသိုင်းအဝိုင်းက ဦးဆောင်ပြုလုပ်ခဲ့သေးသည်။

“ဒီကျောင်းမှာ LGBT တွေကို ဖိနှိပ်ချုပ်ချယ်တယ်၊ လှောင်ပြောင်တယ်ဆိုတဲ့ဟာက မှန်ကန်မှုရှိမရှိဆိုတာ ကျွန်တော်တော့ လေ့လာပြီးပြီ။ မတွေ့ရဘူး။ မဟုတ်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကျွန်တော်လေ့လာပြီးပြီ မတွေ့ရဘူး။ ကောင်းတာက အဲ့ဒီလို သံသယရှိတဲ့ ပုဂ္ဂိုလ်တွေ အဲ့ကျောင်းကို သွားလေ့လာပါလို့ ကျွန်တော်က တိုက်တွန်းချင်တာပါ” ဟု ၄င်းက ပြောသည်။

 LGBT များ၏ အခွင့်အရေးကိုမထိခိုက်စေရန် LGBT အခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်များကို ကျောင်းသားများအား ပညာပေးဟောပြောရန်၊ ကျောင်းတွင် ပြုလုပ်သော စကားဝိုင်းများတွင် အောင်မြင်နေသည့် LGBT ပညာရှင်များကို ဖိတ်ကြားခြင်းများ ပြုလုပ်ရန် အစီရင်ခံတွင် အကြံပြုထားသည်။

စာမျက်နှာ ၁၃ မျက်နှာရှိပြီး တိုင်တန်းချက်ပေးပို့မှု၊ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးတွေ့ရှိမှု၊ သုံးသပ်မှု၊ အကြံပေးမှုများပါဝင်သည့် ၄င်းအစီရင်ခံစာကို ကော်မရှင်ဘက်မှ တရားဝင်ထုတ်ပြန်မ ပြုလုပ်သွားမည် မဟုတ်ကြောင်း ကော်မရှင်ဘက်ကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly