တိုင်ကြားစာထက်ဝက်ကျော်ကို ဖြေရှင်းနိုင်ခဲ့ဟု JMC-U ဒုဥက္ကဋ္ဌပြော

တိုင်ကြားစာထက်ဝက်ကျော်ကို ဖြေရှင်းနိုင်ခဲ့ဟု JMC-U ဒုဥက္ကဋ္ဌပြော

ရန်ကုန်၊ သြဂုတ် ၁၄ ။           ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ရောက်ရှိလာသော တိုင်ကြားစာ များ အားလုံး၏ ထက်ဝက်ကျော်ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု JMC-U ဒုဥက္ကဋ္ဌ (၂) ဦးကိုကိုကြီး ကပြောဆိုလိုက်သည်။

သြဂုတ်လ ၁၄ ရက်နေ့ ရန်ကုန်မြို့၊ လော်တီဟိုတယ်တွင်ပြုလုပ်ခဲ့သော “JMC ဆိုင်ရာအကြောင်းအရာများ ရှင်းလင်းခြင်းအခမ်းအနား” တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

JMC သို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ရောက်ရှိလာသည့် တိုင်ကြားစာစုစုပေါင်း ၆၃၈ စောင် ရှိခဲ့ပြီး အဆိုပါ တိုင်ကြားစာအားလုံး၏ ၇၅ရာခိုင်နှုန်းဖြစ်သော ၄၇၇ စောင်ကို JMC အဖွဲ့ဝင်များမှ ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒါကျွန်တော်တို့ JMC ၂၀၁၇ နဲ့ ၂၀၁၈ နှစ်နှစ်တာအတောအတွင်းဆောင်ရွက်ချက်ဖြစ်ပါတယ်။ ၂၀၁၉ မှာကတော့ လုပ်ဆောင် နေဆဲကာလဖြစ်တဲ့အတွက် အဲ့ဒါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ကျွန်တော်တို့ဆီတစ်ချို့ ရောက်နေတာတွေ ရှိတယ်။ နောက်ပိုင်းရပ်သွားတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး” ဟု ဦးကိုကိုကြီးက ဆိုသည်။

တိုင်ကြားမှုများတွင် JMC-S (ရှမ်း)သို့ တိုင်ကြားစာ ၃၀၁ စောင်ဖြင့် အများဆုံးဖြစ်ပြီး JMC-S (ကရင်) မှာ တိုင်ကြားစာ၂၄၅ စောင်ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း ထို့အပြင် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U သို့ တိုက်ရိုက်တိုင်ကြားမှုမှာ အစောင် ၄၀ ရှိခဲ့ပြီး ၃၄ စောင် ကိုဖြေရှင်းထားနိုင်ကြောင်းလည်း သိရသည်။

သို့သော် မည်သည့်အကြောင်းအရာများနှင့် ပက်သက်၍အများဆုံးတိုင်ကြားခဲ့ကြသည်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

တိုင်ကြားစာများ အများဆုံးဖြစ်သော JMC-S (ရှမ်း) မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တည်ရှိနေပြီး JMC-S (ကရင်) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) အဓိကအခြေစိုက် တည်ရှိ နေသည့်နေရာလည်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC သည် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားနှင့် တပ်မတော်တို့အကြား ထိတွေ့မှုများကို စောင့်ကြည့် ဖြေရှင်းပေးရသည့်ကော်မတီလည်းဖြစ်သည်။

အဆိုပါကော်မတီကို NCA စာချုပ်အရ ထိတွေ့မှုများကိုလျော့ချနိုင်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်များနှင့် အချိုးကျဖွဲ့စည်းထားကာ အရပ်သား တတ်သိကိုယ်စားလှယ်များလည်း ပါဝင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly