မန္တလေးတွင် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေးတွင် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံရ
(ဓာတ်ပုံ၊အမှတ်(၅)မြို့မရဲစခန်း)

မန္တလေး၊ သြဂုတ် ၁၄ ။           ။ မန္တလေးခရိုင် NLD ပါတီ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးမျိုးလွင်သည် မိတ်ဆွေများနှင့် လက်ဖက်ရည် ဆိုင်ထိုင်နေစဉ် လူငါးဦးမှ ဓားဖြင့်ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက်၍ ဆေးဝါးများကုသနေရကြောင်း မန္တလေးခရိုင် NLD ပါတီမှ ခရိုင်သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဦးစိန်လှအောင်ကပြောသည်။

"NLDကမှန်းသိလို့ လုပ်သွားတာပါ။ အငြိုးနဲ့လုပ်တာလို့လည်းယူဆထားပါတယ်။ ဒဏ်ရာကပြင်းတယ်လို့လည်း ပြောလို့ရပါတယ်။ ဆရာဝန်ကြီးရဲ့စစ်ဆးချက်မှာတော့ အရိုးအထိ မထိထားလို့ တော်သေးတယ်လို့ပြောတယ်။" ဟု ဦးစိန်လှအောင်ကပြောသည်။

သြဂုတ်(၁၃)ရက် ည(၉)နာရီကျော်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၈၉လမ်း၊ ၁ရလမ်းနှင့် ၁၈ လမ်း ကြားရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မန္တလေးခရိုင် NLDပါတီ၏ အလုပ်အမူဆောင်အဖွဲ့ဝင် ဦးမျိုးလွင် (အသက် ၅၄နှစ်)သည် မိတ်ဆွေ အမျိုးသားသုံးဦးနှင့်အတူ လက်ဖက်ရည်သောက်နေချိန်၌ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိလူငယ်ငါးဦး ရောက်ရှိလာပြီး “ချချ ခုတ်ခုတ်”ဟု အသံပြုကာ ဦးမျိုးလွင်အား ဝိုင်းဝန်း ထိုးခုတ် ခဲ့ကြပြီး အခြားသူများက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံချိန်တွင် လူငယ်ငါးဦးမှာ ဆိုင်ကယ် များဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းမှသိရသည်။

"ဦးမျိုးလွင်ဟာ NLD ပါတီရဲ့မန္တလေးခရိုင် အလုပ်အမူဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ အကြောင်းမဲ့ ရန်ပြုတိုက်ခြင်းလား၊ မည်သည့်အတွက် ရန်ပြုခံရတယ်ဆိုတာကို မသိရသေးဘူး။ ကျုးလွန်သူတွေကို ဖမ်းဆီးရမိဖို့ဆောင်ရွက်နေတုန်းပါ "ဟု အမှတ်(၅)မြို့မရဲစခန်းမှသြဂုတ်လ ၁၄ ရက်နေ့တွင် တာဝန်ကျသော တာဝန်မှူးကပြောသည်။

ဓါးဖြင့်အခုတ်ခံရခြင်း ၊ လက်သီးဖြင့်အထိုးခံရခြင်းတို့ကြောင့် ဦးမျိုးလွင်မှာ လက်ညှိုး ပြတ်ရှဒဏ်ရာ၊ တံတောင် ဆစ်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း မန္တလေးအထွေထွေ ရောဂါကုဆေးရုံ ကြီးတွင် ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ လူငယ်ငါးဦးအား အမှတ်(၅)မြို့မရဲစခန်းမှ (ပ)၅၆၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄/၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly