ဦးလှဆွေ(ဘူးလက်) အတွက် ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးဟုဆို

ဦးလှဆွေ(ဘူးလက်) အတွက် ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးဟုဆို
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၁၄ ။           ။ နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ၁၂၄(က) ( နိုင်ငံ တော်အကြည်ညိုပျက်စေမှု) ဖြင့်တရားစွဲဆိုခဲ့သည့် ဦးလှဆွေ (ဘူးလက်)ကို အနောက်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

သြဂုတ်လ ၃ရက်က ရန်ကုန်မြို့တော်ခန်းမအရှေ့တွင် ပြုလုပ်သည့် တပ်မတော်ထိပ်တန်းအရာရှိများကို အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ပွဲတွင် နိုင်ငံတော်အကြီးအကဲများအပေါ် သွယ်ဝိုက်၍ ပြစ်တင်ပြောဆိုခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က သြဂုတ်လ ၇ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားမှုအပေါ် အရေးယူရန် လုံလောက်သည့် အကြောင်းရင်းရှိသဖြင့် တရားရုံးသို့ ဦးတိုက်လျှောက် သည့်နေ့တွင်ပင် အမှုလက်ခံခဲ့ပြီး သြဂုတ် ၁၄ ရက် တွင် စွပ်စွဲခံရသူ ရုံးတော်သို့ရောက်ရှိရန် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဝရမ်းကို ဦးလှဆွေနေထိုင်သည့် မကွေးတိုင်းဒေသကြီး ဂန်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ နေအိမ် လိပ်စာဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှသိရသည်။

“ဦးမျိုးမြင့်က ရုံးရှေ့ကိုလာပြီး တင်ပြသွားပါတယ်။ ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့ရဲ့ခေတ္တ ရဲမှူးစိုးအောင်နဲ့ ဖုန်းအဆက် အသွယ်ရတယ်လို့ ဆိုပါတယ်။ ရဲမှူး စိုးအောင်ရဲ့ ဖုန်းကြေးနန်း ပြောပြချက်အရ ဂန့်ဂေါခရိုင်မြို့မရဲစခန်း၏ရဲ့ စခန်းမှူး ဒုရဲမှူး လှမောင်က သြဂုတ်လ ၉ရက် နေ့မှာ ဝရမ်းကိုစာတိုက်ကတစ်ဆင့် ပေးပို့လိုက်တယ်လို့ ပြောပါ တယ်။ ပုံမှန်အားဖြင့် ဝရမ်းအတည်ပြုရန်အတွက် ရဲအရာရှိကိုယ်တိုင်တရားရုံးသို့ လာရောက်အစစ်ခံ တင်သွင်း ရမှာ ဖြစ်သော်လည်း ဝရမ်းမရောက်သေးတဲ့အတွက် အမှုဆက်မစစ်နိုင်ခဲ့ပါဘူး”ဟု အနောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိဦးမင်းသန့်မှ ပြောသည်။

ထို့ကြောင့် အနောက်ပိုင်းခရိုင်တရားရုံးသည် ဝရမ်းကို ပြန်လည်စောင့်ဆိုင်းရန်အတွက် နောက်တစ်ပတ် ရုံးချိန်းကို သြဂုတ်လ ၂၈ နေ့အထိ ပြန်လည်ချိန်ဆိုလိုက်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါဆန့်ကျင်ပွဲတွင် ဟောပြောခဲ့သော ဦးလှဆွေ၏ပြောကြားချက်များ၌ အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်ပြောဆိုခဲ့သည်ဟုဆိုကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ - က ဖြင့် အရေးယူပေးရန် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က ကျောက်တံတားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly