နည်းပြဘဝ မရရှိဖူးသေးတဲ့ ပထမဆုံး ဥရောပစူပါဖလားကို လီဗာပူးလ်နဲ့အတူ ရယူလိုတဲ့ ကလော့ပ်

နည်းပြဘဝ မရရှိဖူးသေးတဲ့ ပထမဆုံး ဥရောပစူပါဖလားကို လီဗာပူးလ်နဲ့အတူ ရယူလိုတဲ့ ကလော့ပ်
Photos: AFP & EPA

ကြာသပတေးနေ့ မနက်အစောပိုင်း (မြန်မာစံတော်ချိန် နံနက် ၁၀:၃၀)မှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မတိုင်မီ လီဗာပူးလ်နည်းပြ ကလော့ပ်က သူအနေနဲ့ နည်းပြဘဝမှာ မရရှိဖူးတဲ့ ပထမဆုံးဥရောပစူပါဖလားကို ရယူရန် ဆန္ဒပြင်းပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျာမန်သားနည်းပြက အသင်းကစားသမားအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအပေါ် အခြေခံပြီး ဆုဖလားဆာလောင်မှုကို ဆက်လက်မွေးမြူသွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အစ္စတန်ဘူလ်က Vodafone Park ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် စူပါဖလားဗိုလ်လုပွဲမှာ ယူရိုပါလိဂ်ချန်ပီယံနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ဆိုရင် နောက်ထပ် ဆုဖလားတစ်လုံး သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။

ကလော့ပ်က “ဥရောပစူပါဖလားပွဲဟာ ကျနော် အမြဲတမ်းစောင့်ကြည့်နေခဲ့ရတဲ့ ဖလားပွဲဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ကျနော်ဟာ အရင်တုန်းက မကြာခဏဆိုသလို ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်ပြိုင်ပွဲဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရလို့ပါပဲ။

“စူပါဖလားဆိုတာက နောက်ဆုံးသက်သေပြချက်ဖြစ်ပါတယ်။ ခင်ဗျာသာ ပြီးခဲ့တဲ့ ဥရောပဖလားပြိုင်ပွဲတစ်ခုခုမှာ ဗိုလ်စွဲမထားခဲ့ဘူးဆိုရင် ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ကစားခွင့်ရမှာ မဟုတ်ဘူးဆိုတဲ့ ဆိုလိုရင်းပါ။ လီဗာပူးလ်ရော ကျနော့်အတွက်ပါ ဒီနှစ်ကတော့ လုံးလုံး ခြားနားသွားတဲ့ နှစ်ပါ။ ဒါ့ကြောင့် ကြီးကျယ်တဲ့ ဆုဖလားတစ်လုံးဖြစ်တဲ့ စူပါဖလားကို ကျနော်တို့ အားလုံး မျှော်လင့်နေပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နော်ဝှစ်ကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ချိန်မှာ ဖရန့်လမ်းပတ်ရဲ့ ချယ်လ်ဆီးက မန်ယူကွင်းမှာ (၄-၀)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ယခုနွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ ပိတ်ပင်ခံရတဲ့ကြားက သူတို့ရဲ့ကွင်းလယ်ဖန်တီးရှင် ဟာဇက်ကို ရီးယဲလ်အသင်းဆီ ရောင်းချခဲ့ပါတယ်။

ဆက်ပြီး ကလော့ပ်က “ဒါဟာ ဗိုလ်လုပွဲတစ်ပွဲပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ဥရောပစူပါဖလားရဲ့ကြီးမားတဲ့ ကွာခြားချက်ကတော့ ဒီရာသီသစ်မှာ ပြိုင်ဘက် ကွာခြားသွားတာဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အများကြီး ပြောင်းလဲသွားတယ်လို့ ကျနော် ထင်ပါတယ်။ နည်းပြသစ်အဖြစ် လမ်းပတ် ရောက်လက်ခဲ့ပြီး ဟာဇက်ကလည်း ဒီအသင်းမှာ မရှိတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဥရောပစူပါဖလား (သို့) ယူအီးအက်ဖ်အေစူပါဖလားကို ၁၉၇၇၊ ၂၀၀၁ နဲ့ ၂၀၀၅ တို့မှာ ဆွတ်ခူးရရှိဖူးပြီး ယခုတစ်ကြိမ် ထပ်မံဗိုလ်စွဲခဲ့ပါက အသင်းသမိုင်းတစ်လျှောက် (၄)ကြိမ်မြောက် ဆုဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

နည်းပြ ကလော့ပ်အတွက်ကတော့ နည်းပြဘဝမှာ ဒေါ့မွန်နဲ့ အမှတ်ပေးဖလား၊ ရှုံးထွက်ဖလားတွေ ဆွတ်ခူးခဲ့ပြီး လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဖလား ထပ်မံဆွတ်ခူးနိုင်ပြီးနောက် မရရှိဖူးသေးတဲ့ ပထမဆုံး ဥရောပစူပါဖလားကို မျှော်မှန်းခွင့်ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly