စီးပွားရေးသူလျှိုလုပ်မှုဖြင့် တရားစွဲခံရသည့် တရုတ်ပါမောက္ခက ကန်တွင် တရုတ်နိုင်ငံသားများ ခွဲခြားဆက်ဆံခံနေရဟု ပြော

စီးပွားရေးသူလျှိုလုပ်မှုဖြင့် တရားစွဲခံရသည့် တရုတ်ပါမောက္ခက ကန်တွင် တရုတ်နိုင်ငံသားများ ခွဲခြားဆက်ဆံခံနေရဟု ပြော

ပေကျင်း၊ အောက်တိုဘာ-၁၃ ။            ။ အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးသူလျှိုလုပ်မှုဖြင့် တရားစွဲခံနေရသည့် တရုတ်ပါမောက္ခတစ်ဦးက တရုတ်ပညာရှင်များနှင့် အင်ဂျင်နီယာများမှာ အမေရိကန်ပြည်ထောင်စုတွင် ခွဲခြားဆက်ဆံခံနေရပြီး အစိုးရကလည်း ၎င်းတို့ကို နည်းပညာများ ခိုးယူနေသည်ဟု အကြောင်းမဲ့သံသယဝင်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ၎င်းနှင် အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ် (သို့မဟုတ်) ကျောင်းတက်နေသည့် တရုတ်နိုင်ငံသားများကို လျှို့ဝှက်နည်းပညာများ ခိုးယူနေသည်ဟု စွပ်စွဲလျှက်ရှိကြောင်း တီယန်ကျင်းတက္ကသိုလ်မှ ကျန်းဟောင်က နိုင်ငံပိုင် Global Times သတင်းစာသို့ ပြောကြားခဲ့သည်။

ကျန်းမှာ မေလက အမေရိကန်အစိုးရက စီးပွားရေးသူလျှိုလုပ်မှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသား ခြောက်ယောက်တွင် တစ်ယောက်အပါအဝင် ဖြစ်သည်။

အမေရိကန်အာဏာပိုင်များ၏ ပြောကြားချက်အရ ၎င်းတို့ခြောက်ယောက်မှာ စစ်ယန္တရားစနစ်များတွင် အသုံးပြုလေ့ရှိသည့် နည်းပညာများကို တီထွင်ထုတ်လုပ်နေသော ကုမ္ပဏီနှစ်ခုမှ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဟု ဆိုသည်။

‘အခုအချိန်မှာ အမေရိကန်အစိုးရက တရုတ်ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေအပေါ်မှာ တစ်ဖက်စောင်းနင်းအမြင်ကို ကိုင်စွဲထားပါတယ်။ အမြဲတမ်းလိုလို သူခိုးတွေကို ကာကွယ်ရမယ်ဆိုတဲ့ သဘောထားနဲ့ စောင့်ကြည့်နေပါတယ်’ဟု ကျန်းက အဆိုပါသတင်းစာသို့ ပြောကြားခဲ့သည်။  

 ‘သူတို့က နိုင်ငံခြားမှာ လေ့လာဖို့ အမေရိကန်ကိုလာ၊ ပြီးတော့ သိပ္ပံသုတေသနတွေထဲ ဝင်ပါတာဟာ အမေရိကန်နည်းပညာကို ခိုးယူချင်လို့လို့ ယူဆနေပါတယ်။ ဒါဟာ သဘာဝမကျပါဘူး’’ဟု ကျန်းက ပြောကြားခဲ့သည်။

စီးပွားရေးလျှို့ဝှက်ချက်များကို ခိုးယူနေသည့် ကွန်ပျူတာထွင်းဝိဇ္ဇာ(ဟက်ကာ)များကို တရုတ်က ကျောထောက်နောက်ခံပေးနေသည်ဟုလည်း အမေရိကန် အာဏာပိုင်များက အကြိမ်ကြိမ်စွပ်စွဲခဲ့သည်။

တရုတ်ကမူ ၎င်းကိုယ်တိုင် ဆိုက်ဘာအတိုက်ခိုက်ခံနေရကြောင်း ပြောကြားပြီး အမေရိကန်၏ စွပ်စွဲမှုများကို ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့်လက ကော်ပိုရိတ်လျှို့ဝှက်ချက် (သို့မဟုတ်) စီးပွားရေးသတင်းအချက်အလက်များအား ဆိုက်ဘာခိုးဝှက်မှုကို မည်သည့်နိုင်ငံကမျှ မထောက်ခံရန် သဘောတူခဲ့ကြသော်လည်း   ထောက်လှမ်းရေး ရည်ရွယ်ချက်အတွက် အစိုးရချင်း သမရိုးကျ ဆိုက်ဘာသူလျှိုလုပ်မှုမှ ရှောင်ကြဉ်ရန်မူ ကတိမပြုနိုင်ခဲ့ကြပေ။

အမေရိကန်အစိုးရရှေ့နေများက ကျန်းနှင့် ၎င်း၏ပါ့တနာများကို Avago Technologies နှင့် Skyworks Solution တို့မှ source code နှင့် ဒီဇိုင်းများ ခိုးယူပြီး တရုတ် တက္ကသိုလ်နှင့် ကုမ္ပဏီများသို့ လွှဲပြောင်းပေးမှုဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly